October 20, 2024

၉. ၁၀. ၂၀၂၃

Written by Nyein Kyaw

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သွင်းကုန်အပြင် ပို့ကုန်များအတွက် မော်တော်ယာဉ်၊ ရေယာဉ်၊ မီးရထား အပါအဝင် လေကြောင်းအတွက်ပါ SOP (Standard Operation Procedure) များကို စနစ်တကျ နောက်ဆုံးအခြေအနေနှင့်အညီ ရေးဆွဲဆောင်ရွက်ရန် SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယ‌နေ့ ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) တွင် ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုများကို ယခင်နှစ်ထက် ဖမ်းဆီးအမှုတွဲနှင့် ဖမ်းဆီးရမိတန်ဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း သွင်းကုန်အပြင် ပို့ကုန်ပိုင်းများပါ တရားမဝင်မှုများ ရှိနေဆဲဖြစ်သဖြင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးကို သွင်းကုန်ပိုင်းနှင့် ပို့ကုန်ပိုင်းများကိုပါ ယခင်ထက် အထူးအဖွဲ့များက စေ့စေ့စပ်စပ် ဖမ်းဆီးဖော်ထုတ်သွားရန် SAC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ‌‌ဆောင်ရွက်မှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အမှုတွဲ ၆၁၁ မှု၊ တန်ဖိုးငွေကျပ်သန်း ၁၀၄၄၅ ဒသမ ၇၄၂ ဖမ်းမိပြီး ဩဂုတ်လတွင် အမှုတွဲ ၅၄၀ မှု၊ တန်ဖိုးငွေကျပ်သန်း ၁၂၄၃၄ ဒသမ ၂၄၄ ဖမ်းဆီးရရှိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ပို့ကုန်ပိုင်းတွင် ပြောင်းနှင့်ဆန်တို့ကို မော်တော်ယာဉ်၊ ရထား၊ ရေယာဉ်များဖြင့် တရားမဝင်တင်ပို့နေခြင်းဖြစ်ပြီး ဆက်စပ်ဖော်ထုတ်မှုများအရ ရထားတွဲ ၈၈ တွဲ၊ ရေယာဉ်တစ်စီး၊ မော်တော်ယာဉ် ၈ စီးပေါ်တွင် တရားမဝင်အထောက်အထားမဲ့ ပြောင်းစေ့အိတ် ၉၁၃၅၉ အိတ် တန်ချိန် ၄၅၆၇ ဒသမ ၉၅ တန်နှင့် ကာလတန်ဖိုး ကျပ် ၂ ဒသမ ၉ ဘီလျံကျော် ဖမ်းဆီးရရှိမိခဲ့ကြောင်း၊ ပြောင်းစေ့များ မပျက်စီးမဆုံးရှုံးဘဲ ပြန်လည်ထုခွဲရောင်းချနိုင်ခဲ့သည့်အတွက် မူလခန့်မှန်းခဲ့သည့် ကျပ် ၂ ဒသမ ၉ ဘီလျံထက် ကျော်လွန်ရရှိပြီး ကျပ် ၃ ဒသမ ၀၅၇ ဘီလျံရရှိခဲ့သည့်အတွက် မူလထက် ကျပ်သိန်းပေါင်း ၈၀၀ ကျော် ပိုမို၍ ပြည်သူ့ဘဏ္ဍာအဖြစ်ရရှိခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

အချို့ကုမ္ပဏီများအနေဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်လိုင်စင်မရှိဘဲ အခြားကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်များကို အလွဲသုံးလုပ်ပြီး ၎င်းတို့၏ သွင်းကုန်ပစ္စည်းများကို တင်သွင်းရန် ကြိုးစားဆောင်ရွက်မှုများကို ဖော်ထုတ်တားဆီးနိုင်ခဲ့ကြောင်း၊ သွင်းကုန်ပစ္စည်း ကီလိုသုံးသိန်းကျော် ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉ သန်းကျော်ကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *