၁၀. ၁၀. ၂၀၂၃
Written by Nyein Kyaw
အောက်တိုဘာ ၁၅ ရက်မှစ၍ ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲသည့် ဒီရေတက်လာနိုင်ဖွယ်ရှိနေ၍ မြစ်ကမ်းနားအနီး နေထိုင်ကြသော လုပ်သားပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ယနေ့ အသိပေးထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာလ ၁၈ ရက်အထိ ကာလတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေခန့်မှ ၂၀ ဒသမ ၃၇ ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေခန့်အထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၀ ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ထားရန်အလို့ငှာ ယခုကဲ့သို့ သတိပေးသတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရေကြီးတာဆိုရင် ဝါဆို၊ ဝါခေါင်ဆိုရင် အဲဒီတစ်ဖြတ်ရေကြီးတယ်။ အဲလိုအချိန်ဆို သမ္ဗန်ဆိပ်အပေါ် ကားလမ်းတွေအထိ ရေမြှုပ်တာတော့ရှိတယ်။ အဲဒီကာလကပြီးသွားပြီ။ အခုကတော့ ပုံမှန်မိုးရွာလို့ ရေတက်တာလောက်ပဲရှိတော့တယ်။ ဒီလိုရေတက်မယ်ဆိုတာကို သမ္ဗန်ဆိပ်တွေဘာတွေမှာ ပြောတာ မကြားသေးဘူး” ဟု ဒလမြို့နယ်မှ ရန်ကုန်မြို့ဘက်သို့ ပုံမှန်အလုပ်ဆင်းနေသူတစ်ဦးက ပြောသည်။