၁၀. ၁၀. ၂၀၂၃
Written by Nyein Kyaw
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့အား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်(နှစ် ၂၀) ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကို အသီးသီးချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)မှ ယနေ့ ထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများနှင့် ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်အစိုးရက စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း နိုင်ငံတော်အစိုးရက ခွင့်ပြုရောင်းချရန်သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကိုသိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများက ပေးအပ်သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် ဆွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကိုလည်းကောင်း ချမှတ်ခဲ့သည်။
ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးတာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒနှင့် ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့သည်။
ထို့အပြင် ရာထူးလုပ်ပိုင်ခွင့်အား အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် ဆွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကိုလည်းကောင်း ချမှတ်ခဲ့သည်။
စက်တင်ဘာလအတွင်း SAC ဥက္ကဋ္ဌ၏ လူယုံတစ်ဦးအဖြစ် လူသိများပြီး ကောင်စီအဖွဲ့ဝင်၊ စီးပွားရေးကဏ္ဍတွင် အဓိကနေရာများဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တာဝန်များကို ပူးတွဲတာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကောင်စီအဖွဲဝင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တိုအား ခေါ်ယူစစ်ဆေးခြင်းခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲအား ပြင်ဆင်ဖွဲစည်းပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို၏နေရာတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောတိုဖြင့် အစားထိုးပြန်လည်ဖွဲစည်းခဲ့သည်။ ထို့အတူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတာဝန်ယူခဲ့သော အဖွဲ့အစည်းအချို့ကိုလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက တာဝန်ယူခဲ့ရသလို ခေါ်ယူစစ်ဆေးခံနေရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးညွန့်အောင်လည်း အနားပေးခံခဲ့ရသည်။