၁၁. ၁၀. ၂၀၂၃
Written by Peya
မလေးရှားသို့ ရောက်သည်မှာ တစ်နှစ်ခန့်သာ ကြာချိန် တောင်ကျရေကြောင့် ရေနစ်မြုပ်သေဆုံးသွားရှာသည့် အသက် ၁၉ နှစ်အရွယ် ချင်းလူငယ်၏ အလောင်းကို ဇာတိသို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး မလေးရှားနိုင်ငံ ကဒါးပြည်နယ်၊ အလက်စတားမြို့နယ်တွင် အလုပ်လုပ်ကိုင်နေသူ ချင်းတိုင်းရင်းသားဖြစ်ကာ စက်တင်ဘာလ ၂၉ ရက်တွင် ရေကူးစဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အလောင်းကို လက်ရှိတွင် အထက်ပါမြို့ ဆေးရုံရှိ ရေခဲတိုက်တွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။
“အလုပ်ပြီးတော့ ချောင်းမှာ ရေဆင်းကူးတာပါ။ သူ အလုပ်လုပ်တဲ့ ရွာနာမည်တော့ မသိပါဘူး။ အဲ့ဒီနားက ချောင်းပါ။ တောင်ကျရေက စီးလာတော့ ပါသွားတာပါ။ အလုပ်အကိုင်ကတော့ စိုက်ပျိုးရေးလုပ်တာ ဖြစ်ပါတယ်။ မလေးရှားရောက်တာ က တစ်နှစ်လောက်ပဲ ရှိသေးတယ်လို့ သိရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဖြစ်စဉ်ကို ရှင်းပြသည်။
အလောင်းကို အောက်တိုဘာ ၁၂ ရက်တွင် ဆေးရုံက ထုတ်ကာ မလေးရှားရောက်နေသည့် ချင်းတိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသား ဇိုမီးအဖွဲ့အစည်းများ ပူးပေါင်းကာ ကာချမ်းမြို့တွင် ဆုတောင်းပွဲလုပ်ပြီးနောက် မိသားစုက အကူအညီတောင်းခံသည့်အတွက် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဟေလေ ကျေးရွာသို့ အလောင်းရောက်စေရန် ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။