October 18, 2024

သရဲစျေးဘူတာနှင့် အိုးဘိုဘူတာအကြား ကျုးနေအိမ်များ ဖျက်သိမ်းနေမှုကို တွေ့ရစဥ်

MT News

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ သရဲစျေးဘူတာမှ အိုးဘိုဘူတာအကြားတွင် ကျူးကျော်နေထိုင်နေကြသော နေအိမ်များအား အမြန်ဆုံးဖယ်ရှားပေးရန် အကြာင်းကြားသတိပေးစာပေးပို့လာသောကြောင့် နိုဝင်ဘာ ၁၀ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီးသိမ်းဆည်းဖယ်ရှားနေကြောင်း ၎င်းကျူးကျော်နေထိုင်သူများထံမှ သိရသည်။

” မနေ့ကစပြီး အကြောင်းကြား သတိပေးစာလာပေးသွားကြတယ်။ ပေတွေနဲ့လည်းလာတိုင်းသွားကြတယ်။ ဘယ်အချိန်နောက်ဆုံးဖယ်ပေးရမယ်လို့ စာထဲမှာမပါဘူး။ ကိုယ့်ပစ္စည်းအကောင်းတွေလိုချင်ရင် အမြန်ဆုံးသယ်ကြလို့လည်းပြောတယ်။ မနေ့ကလည်း သူတို့က ဟိုဘက်ခြမ်းကို လာဖြိုဖျက်နေကြတာဆိုတော့ မကြာဘူး ဒီဘက်ကိုလည်း လာဖျက်လိမ့်မယ်။ ရထားသံလမ်းနဲ့ ပေ ၅၀ အတွင်းမလွတ်တဲ့ အိမ်တွေအကုန်ပါတယ်လို့ပြောတာပဲ။ ဒါကို ပြီးခဲ့တဲ့ ခြောက်လလောက်ကတည်းက ကြားနေတာ ဖျက်ခိုင်းမယ်လို့။ အခုမှ စာကတော့ လာပေးသွားတာပါ “ဟု ကျူးကျော်နေထိုင်သူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်နေ့က ဆိုသည်။

အကြောင်းကြားစာကို နိုဝင်ဘာ ၉ ရက်နေ့ကတည်းက ဖြန့်ဝေသတိပေးထားပြီး ဘယ်နေ့ဘယ်ရက်နောက်ဆုံးဖျက်သိမ်းပေးရမည်ဟုတော့ ၎င်းစာထဲတွင်မပါဝင်ချေ။ အမြန်ဆုံးဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားသွားမည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း အိုးဘိုအကျဉ်းထောင်အနောက်ဘက်ရှိ ကားလမ်းနှင့်မလွတ်သောနေအိမ်များ၊ မီးရထားသံလမ်းနှင့် မလွတ်သော နေအိမ်များအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ လာရောက်ဖြိုဖျက်သွားကြောင်း သိရသည်။

အဆိုပါအကြောင်းကြားစာရပြီးနောက် ရထားသံလမ်းဘေးရှိ နေအိမ်များ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှစတင်ပြီး မိမိအစီစဉ်ဖြင့် ဖယ်ရှားပေးနေကြကြောင်း သိရသည်။

၎င်းသရဲစျေးဘူတာမှ အိုးဘိုဘူတာအကြားတွင် အိမ်ခြေရာနှင့်ချီပြီး နေထိုင်နေကြကြောင်းနှင့် အချို့အိမ်များသည် အခိုင်အမာဆောက်လုပ်နေထိုင်နေကြသော နေအိမ်များလည်းပါဝင်နေသည်။

ထို့နည်းအတူ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးရထားသံလမ်းဘေးတွင် ကျူးကျော်နေထိုင်သူများကိုလည်းအမြန်ဆုံးဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ဥပဒေနှင့်အညီ ဖယ်ရှားသွားမည်ဟု သတိပေးအကြောင်းကြားစာများ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အိုးဘိုအနောက်ဘက်တွင်မဖျက်သိမ်းခင်က အကြာင်းကြားစာရောက်ပြီး (၁၅)ရက်ခန့်တွင် သတ်ဆိုင်ရာမှ လာရောက်ဖြိုဖျက်ရှင်းလင်းသွားကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *