၁၀. ၁၀. ၂၀၂၃
Written by Nay Aung
တရုတ်နိုင်ငံသားများအပေါ် သက်ရောက်မှုများရှိနေသည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများကို အသုံးချပြီး လိမ်လည်မှုများ၊ လူကုန်ကူးမှုများကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများကို ဆက် လက်ဖြိုခွင်းလျက်ရှိနေရာ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သောလပိုင်းတွင် ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၇၀၆ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
တရားခံပြေး ၂၆ ဦးအပါအဝင် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ ကျူးလွန်နေသူများအဖြစ် သံသယရှိခံရသော လူပေါင်း ၇၀၆ ဦးကို စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အတွင်း ပြန်လည်လွှဲပြောင်းယူခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
တရုတ်အာဏာပိုင်များသည် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသူများကို မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော ယူနန်ပြည်နယ် Lincang မြို့နှင့် Pu’er မြို့များတွင် ပြန်လည်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်အာဏာပိုင်များသည် မြန်မာနိုင်ငံထံမှ ပြန်လည်လွှဲပြောင်းရယူခဲ့သော သံသယရှိသူများ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည့်အပြင် အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျူးလွန်နေသူများကို ဥပဒေနှင့်အညီ ထပ်မံဖြိုခွင်းသွားမည်ဟု ကတိပြုထားသည်။
တရုတ်နိုင်ငံသည် အွန်လိုင်းအသုံးပြုကာလိမ်လည်မှုများ၊ လူကုန်ကူးမှုများ၊ ရာဇဝတ်မှုကျူးလွန်နေသူများကို ဖြိုခွင်းနိုင်ရန်အတွက် ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်တက်ခဲ့ပြီးနောက် သံသယရှိသူများကို ပိုမိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အွန်လိုင်းအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသည့် တရုတ်နိုင်ငံသား၂၃၁၇ ဦးကို ပြီးခဲ့သောလများအတွင်း တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ တရုတ် ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနသည် အွန်လိုင်းအသုံးပြုကာလိမ်လည်မှု၊ ရာဇဝတ်မှုကျူးလွန်နေသူများကိုဖြိုခွင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ အကျိုးစီးပွားဘေးကင်းစိတ်ချစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
Ref; China xinhua english