MT News
၁၁. ၁၀. ၂၀၂၃
တိုက်ကြီးမြို့အနီး မြေအောက်အနက် ခြောက်မိုင်ကျော်ကနေ ရစ်ချ်တာစကေး ၄ ရှိတဲ့ ငလျင်လှုပ်ခတ်မှု ဒီနေ့ ညသန်းခေါင်ကျော် အချိန်က လှုပ်ခတ်ခဲ့တာကြောင့် အင်အားနည်းပေမဲ့လည်း ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရပါတယ်။
ဖြစ်စဥ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၂၃ မိနစ်၊ ၅၅ စက္ကန့်အချိန် ကမ္ဘာအေးမြေငလျင်စခန်းက မြောက်ဘက် ၄၂ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၄ အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ တိုင်းထွာရရှိခဲ့ပါတယ်။
ဒီငလျင်ဟာ မြေအောက်အနက် ၆ မိုင်ကျော်ရုံက လှုပ်ခတ်တာဖြစ်လို့ ဇောက်တိမ်တာကြောင့် မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြံ့၊ ရွှေပြည်သာ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ စတဲ့ ရန်ကုန်မြို့နယ်အများစုက ပြည်သူတွေ သိရှိခံစားခဲ့ရသလို တိုက်ကြီး၊ လှည်းကူး၊ ဥက္ကံဘက်မှာ ရေကြီးရေလျှံနေလို့ တမံတွေပြိုမှာ စိုးရိမ်နေချိန် သိသိသာသာခံစားရတဲ့ ငလျင်လှုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ရန်ကုန်နဲ့ အနီးတဝိုက် မြေငလျင် အသေးစားလေးတွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ မြေငလျင်သတင်းတွေအရ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၃ မိနစ်ခန့်က ဒိုက်ဦးဘက်ကို ဗဟိုပြုပြီး တစ်ကြိမ်၊ ည ၈ နာရီ ၅၄ မိနစ်ခန့်က ပဲခူးဘက်ကို ဗဟိုပြုပြီး တစ်ကြိမ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄၄ မိနစ်ခန့်က တိုက်ကြီးဘက်ကို ဗဟိုပြုပြီး တစ်ကြိမ်၊ စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၇ နာရီ မိနစ် ၂၀ မှာ မှော်ဘီဘက်ကို ဗဟိုပြုပြီး တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ ဒီလှုပ်ခတ်မှုဖြစ်စဥ်တွေမှာ အများအပြားမထိခိုက်ပေမဲ့လည်း တိုက်ကြီးနဲ့ မှော်ဘီအစပ်မှာရှိတဲ့ ပန်းတစ်ပွင့်တောင်မှာရှိတဲ့ ကျေးဇူးဆပ်ဗိမာန်တော်နဲ့ အဆောက်အဦအချို့ အနည်းငယ်ထိခိုက်ခဲ့သလို စေတီသုံးဆူရဲ့ စိန်ဖူးတော်တွေလည်း မြေခပျက်စီးခဲ့ရမှုဖြစ်ခဲ့ပါသေးတယ်။
ပုံစာ။ စက်တင်ဘာ ၂၄ ရက်က လှုပ်ခတ်သောငလျင်ကြောင့် ပန်းတစ်ပွင့်တောင်တွင် ထိခိုက်ပျက်စီးခဲ့မှုမြင်ကွင်း( Photo – Credit)