၁၁. ၁၀. ၂၀၂၃
Written by Ko Kyaw (Minbu)
မကွေးတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ် ၅ လအတွင်း ခရိုင် ၃ ခုမှ တရားမဝင်သစ် ၅၇ တန်ကျော်ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးဦးကျော်မင်းသိန်းထံက သိရသည်။
“၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၅ လအတွင်း သစ်များအား ခိုးယူခုတ်လှဲကာ သယ်ဆောင်ရောင်းချနေမှုတွေကို အရှိန် အဟုန်မြှင့် ဖမ်းဆီးအရေးယူဆောင်ရွက်နေပါတယ်။ မကွေးခရိုင်အတွင်းမှာ ကျွန်းသစ်ခွဲသား ၅ ဒသမ ၆၇၂၆ တန်၊ သစ်မာခွဲသား ၃ ဒသမ ၄၃၄၄ တန်၊ အခြားသစ်ခွဲသား ၉ ဒသမ ၀၁၃၄ တန်၊ မင်းဘူးခရိုင်အတွင်းမှာ ကျွန်းသစ်ခွဲသား ၂ ဒသမ ၄၆၉ တန်၊ သစ်မာခွဲသား ၂ ဒသမ ၈၀၆ တန်၊ အခြားသစ်ခွဲသား ၂ ဒသမ ၉၄၂၈ တန်၊ သရက်ခရိုင်အတွင်းမှာ ကျွန်းသစ်လုံး ၁ ဒသမ ၂၆ တန်၊ ကျွန်းသစ်ခွဲသား ၁၇ ဒသမ ၂၉၂၈ တန်၊ သစ်မာခွဲသား ၄ ဒသမ ၅၃၈၈ တန်၊ အခြားသစ်ခွဲသား ၇ ဒသမ ၇၅၅ တန် စုစုပေါင်းဖမ်းဆီးရမိတဲ့ သစ်တန်ပေါင်းက ၅၇ ဒသမ ၁၈၄၈ တန် ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ညွှန်ကြားရေးမှုးဦးကျော်မင်းသိန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင် လေးခုမှ ကျွန်းသစ်လုံး ၀ ဒသမ ၄၉၂၀ တန်၊ ကျွန်းသစ်ခွဲသား ၃၅၅ ဒသမ ၉၅၄၄ တန်၊ သစ်မာလုံး ၄ ဒသမ ၂၂၇၆ တန်၊ သစ်မာခွဲသား ၄၃ ဒသမ ၈၇၆၆ တန်၊ အခြားသစ်လုံး ၀ ဒသမ ၀၆၈၀ တန်၊ အခြားသစ်ခွဲသား ၈၅ ဒသမ ၁၂၃၇ တန် စုစုပေါင်းသစ်တန်ပေါင်း ၄၈၉ ဒသမ ၇၄၂၃ တန်ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကပြောပြသည်။
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များအား ခိုးယူ၊ ခုတ်လှဲ၊ သယ်ဆောင်ရောင်းချနေမှု့များကိုဖော် ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ပြည်သူများစောင့်ကြည့်သတင်းပေးစနစ်(CMRS အင်တာနက်ဝက်ဘ်ဆိုတ်)ထူထောင်ကာ သတင်းပေးတိုင်ကြားသူများအဆင်ပြေစေရန် တယ်လီဖုန်းနံပါတ်များထည့်သွင်းပြီးကြေညာထားသည်။ ထိုသို့ ပြည်သူလူထုပူးပေါင်းပါဝင်မှုများကြောင့် တရားမဝင်သစ် ခိုးယူနေမှုများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊ သစ်တောဦစီးဌာနထံက သိရသည်။