◾ ပြည်သူများလာရောက်အားပေးရန် လက်ရွေးစင်ကစားသမားများ ဖိတ်ခေါ်
MT News
၁၁. ၁၀. ၂၀၂၃
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
“မကာအိုနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ကစားသမားတွေ အာရုံစူးစိုက်မှု အပြည့်ရှိနေပါတယ်” ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မကာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်(ပထမအဆင့်) အတွက် စုစည်းလေ့ကျင့်မှုများကို အောက်တိုဘာ ၇ ရက်တွင် စတင်ပြုလုပ်နေသည်။ ထိုနေ့ လေ့ကျင့်ရေးအစီအစဉ်တွင် ပြည်ပမှပြန်လည်ရောက်ရှိလာသည့် အောင်ကောင်းမာန်၊ စိုးမိုးကျော်၊ ဟိန်းထက်အောင်နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် AFC Cup အဝေးကွင်းပွဲစဉ်သွားရောက်ကစားခဲ့သော ရှမ်းယူနိုက်တက်မှ ကစားသမားများကို အပေါ့စားလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အောင်သူ၊ မောင်မောင်လွင်၊ သန်းပိုင်၊ ဟိန်းဖြိုးဝင်း၊ ဝင်းနိုင်ထွန်း အစရှိသော ကစားသမားများသည် အောက်တိုဘာ ၈ ရက်က မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာပြီး အသင်းနှင့်ပူးပေါင်းလေ့ကျင့်နေပြီဖြစ်သည်။
နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၄အသင်းမှ လူငယ်ကစားသမားများနှင့်ပေါင်းစပ်ဖွဲ့စည်းထားသည်။ မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေသည့် ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူ လည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့သည်။
“မကာအိုပွဲအတွက် ကျွန်တော်တို့အသင်း အဆင်သင့်ဖြစ်နေပါပြီ။ ကစားသမားတွေဆိုတာက ပရိသတ်အားပေးမှ ပိုပြီးအားရှိမှာဖြစ်လို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု မြန်မာ့လက်ရွေးစင်နောက်တန်းကစားသမား စိုးမိုးကျော်က ဖိတ်ခေါ်သည်။
2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၂ ရက် (အိမ်ကွင်း) နှင့် အောက်တိုဘာ ၁၇ ရက် (အဝေးကွင်း) တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
”မကာအိုနဲ့ပွဲမှာ ပရိသတ်ကျေနပ်မယ့် ခြေစွမ်းမျိုးရရှိအောင်ကြိုးစားမှာဖြစ်လို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟုလည်း မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား လွင်မိုးအောင်က ပရိသတ်များကို ဖိတ်ခေါ်သည်။
မြန်မာ – မကာအို ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ လက်မှတ်များကို ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၌လည်းကောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် သုဝဏ္ဏကွင်း (Gate-2) ၌လည်းကောင်း နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း ဝယ်ယူနိုင်မည်ဖြစ်သည်။ လက် မှတ်အားပေးသူ ပရိသတ်များကို မြန်မာအသင်းဂျာစီ Fan Version ၁၀ ထည်ကို ကံစမ်းမဲဖောက် ပေးအပ်သွားမည် ဖြစ်သည်။ ထို့အတူ အဆိုပါ ပွဲစဥ်ကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှစတင်၍ MRTV-HD၊ MRTV Sports Channel MRTV Farmers’ Channel MRTV Parliament Channel တို့က တိုက်ရိုက်(Live)ထုတ်လွှင့်သွားမည် ဖြစ်သည်။ ထို့ပြင် မြန်မာ့အသံ ရေဒီယိုနှင့် MRTV APP: အပါအဝင် အွန်လိုင်းတို့မှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ။ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်နေမှုနှင့် ယမန်နေ့ကရောက်ရှိလာသော မကာအိုကစားသမားများမြင်ကွင်း (Photo – MFF)