၁၀. ၁၀. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နှင့် ဥက္ကံမြို့တွင် မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုများကြောင့် ရေများ ဝင်ရောက်နေသော အခြေခံပညာ စာသင်ကျောင်း ၁၄ ကျောင်းကို ခေတ္တ ပိတ်ထားရသည်ဟု သိရသည်။
ရေများဝင်ရောက်နေသဖြင့် ခေတ္တ ပိတ်ထားရသော စာသင်ကျောင်းများမှာ တိုက်ကြီးမြို့နယ်တွင် ဥက္ကံရွာမရှိ အမက(အင်ပြင်ကုန်း )၊ ဖလုံကံကုန်းကျေးရွာအုပ်စုရှိ အထက (ဖလုံ)၊ ဖလုံဘူတာအနောက်ရွာရှိ အမက(ဖလုံဘူတာအနောက်)၊ ဒီးဒုတ်ကွင်းကျေးရွာရှိ အမက (ဒီးဒုတ်ကွင်း)၊ တာခွကျေးရွာအုပ်စုရှိ အထက (တာခွ)စာသင်ကျောင်း၊ ဗမာကံကုန်းကျေးရွာရှိ အမက (ဗမာကံကုန်း)၊ အင်ကုန်းကျေးရွာရှိ အမက (အင်ကုန်း)၊ စိန်စပ်ကျေးရွာရှိ အမက (စိန်စပ်)စာသင်ကျောင်းတို့ဖြစ်သည်။
ဥက္ကံမြို့တွင် ဝဲကြီးကျေးရွာအုပ်စုရှိ အမက(ဝဲကြီး)၊ ဥက္ကံရှမ်းစုကျေးရွာအုပ်စုရှိ အမက မူလွန်(ဥက္ကံရှမ်းစု)နှင့် အမက (သက်သာ)၊ ကျောက်ပြင်သာကျေးရွာရှိ အမက(ကျောက်ပြင်သာ)၊ ဥက္ကံရွာမကျေးရွာအုပ်စုရှိ အမကမူလွန်(ဥက္ကံရွာမ)၊ သိမ်ကုန်းကျေးရွာရှိ အထက(ခွဲ)စာသင်ကျောင်းတို့ဖြစ်ကြောင်း ယင်းဒေသတွင် ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
“ရေက သိပ်မကျသေးဘူး။ ရေကြီးနေတဲ့ရွာတွေကိုတော့ မနည်းသွားရတယ်။ မြို့ပေါ်မှာတော့ သွားလို့ရတယ်။ ရေဝင်တဲ့ကျောင်းတွေက တချို့ကျောင်းဆို လူကြီး ခါးတစ်ဝက်ကျော်တယ်” ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
အဆိုပါ စာသင်ကျောင်းများတွင် အခြေခံပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ ၂၉၀၀ ကျော်ရှိပြီး ဆရာဆရာမ ၁၄၀ နီးပါးက ပညာသင်ကြားပေးလျက်ရှိသည်။