၁၀. ၁၀. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးကို ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်သ-တ်ခဲ့တဲ့ဖြစ်စဉ် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့က အတိအကျ မထုတ်ပြန်သေးသလို ကားနဲ့ဝင်တိုက်ခဲ့တဲ့ ယာဉ်မောင်းကလည်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး။ အဲ့ဒီဖြစ်စဉ်မှာ တခြားဘယ်သူမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့တော့ သိရပါတယ်။
ဗီဇာရုံးခန်းအတွင်းကို ဝင်တိုက်ခဲ့ပြီး အဆောက်အအုံရှေ့ ဧရိယာကို ပိတ်ဆို့သွားစေခဲ့တဲ့ ကားကတော့ ဟွန်ဒါဆီဒမ်မော်ဒယ်ကားအမျိုးအစားဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ သံသယရှိသူ ယာဉ်မောင်းကို အသက်ကယ်ဖို့ ကြိုးပမ်းခဲ့ကြပေမဲ့လည်း ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။
“အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်တဲ့အခါမှာတော့ တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ဧည့်ခန်းထဲမှာ မော်တော်ကားတစ်စီးရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခဲ့ကြတဲ့အခါ သံသယရှိသူနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ” လို့ ဆန်ဖရန်စစ္စကိုရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ Sgt Kathryn Winters က သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်အပေါ် တရုတ်ကောင်စစ်ဝန်ရုံးကတော့ “အကြမ်းဖက်တိုက်ခိုက်မှု” လို့ ဖော်ပြခဲ့ပြီး “အမည်မသိလူတစ်ဦးက ကောင်စစ်ဝန်ရုံးရဲ့ခန်းမအတွင်းကို ကြမ်းတမ်းစွာမောင်းဝင်လာပြီး အခင်းဖြစ်ပွားရာနေရာမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ လူတွေရဲ့လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်ကာ အဆောက်အဦနဲ့ ကောင်စစ်ဝန်ရုံးရဲ့ ပိုင်ဆိုင်မှုတွေကို ဆိုးရွားစွာ ပျက်စီးစေခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သလို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ပါဝင်ပါတယ်။
Ref; The Guardian