◾ထိုင်းဘတ် သန်း ၁၀၀ ကုန်ကျမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် JICA ထံမှ အလုပ်လက်ခံရရှိခဲ့ဟု ထိုင်း SCI Electric ကုမ္ပဏီ ပြော
၁၀. ၁၀. ၂၀၂၃
Written by Nay Aung
ဂျပန်နိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က မြန်မာနိုင်ငံအတွက်ပြုလုပ်မည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ထိုင်းအခြေစိုက် SCI Electric ကုမ္ပဏီက ပါဝင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး SCI Electric ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ထိုင်းဘတ် သန်း ၁၀၀ ကျော်ကုန်ကျမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းကုမ္မဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Kriangkrai Pianwittayasakul က မြန်မာနိုင်ငံတွင် ထိုင်းဘတ် သန်း ၁၀၀ ကုန်ကျခံတည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရန်အတွက် JICA ထံမှ အလုပ်အသစ်ကို လက်ခံရရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
၎င်းက “မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ပေးဖို့ အလုပ်အသစ်လက်ခံရရှိခဲ့တာဟာ ကုမ္ပဏီရဲ့ကျွမ်းကျင်မှုနဲ့ ကုမ္ပဏီကို အသိမှတ်ပြုမှု သက်သေပါပဲ။ လက်ရှိအချိန်မှာ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဟာ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ပေးဖို့ စီမံကိန်းလုပ်ဆောင်နေတယ်”ဟု ပြောသည်။
၎င်းတို့ကုမ္ပဏီအနေဖြင့် ၂၀၂၃ ခုနှစ် လက်ကျန်လများအတွင်း အလုပ်အသစ်များလက်ခံရရှိရန် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် SCI Electric ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသည့် နိုင်ငံဖြစ်ရာ အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အားပေးမှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီအချို့ လုပ်ငန်းများ ရပ်ဆိုင်းကာ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းကြောင့် မြန်မာပြည်သူများ လျှပ်စစ်ဓာတ်အားလုံလောက်စွာမရဘဲရှိနေကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားလုံလောက်စွာမရသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုအပါအဝင် အခြားသက်ရောက်မှုများကို ပြည်သူများရင်ဆိုင်နေရကြောင်း သိရသည်။
Ref; Thailand MGRonline