◾ စပါးဈေးနှုန်း ၁၀ သိန်းအထက်ရှိမှသာ တောင်သူများအဆင်ပြေမည်ဟု ဆို
၁၀. ၁၀. ၂၀၂၃
Written by Ye Kyaw
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ အစိုဓာတ် ၁၃ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ၇၅၀,၀၀၀ ကျပ် သတ်မှတ်ခဲ့သည်။
ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ယခုသတ်မှတ်သော အခြေခံရည်ညွှန်းစပါးနှုန်းသည် ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် ရည်ညွှန်းဆောင်ရွက်ခြင်းဖြစ်သည်။
အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ် (ဖုန်း၀၁-၂၃၀၁၁၈၂၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ယခုသတ်မှတ်လိုက်သည့် ရည်းညွှန်းဈေးနှုန်းသည် ကျပ် ၇၅၀,၀၀၀ ဖြင့် ဝယ်ယူရမည်ဟု သတ်မှတ်ခြင်းမဟုတ်ဘဲ အဆိုပါဈေးနှုန်းအောက်ထက် လျှော့ချမဝယ်ယူရန် သတ်မှတ်ခြင်းဖြစ်သည်။ သို့သော် ယခင်က စပါးဈေးနှုန်း ၁၅ သိန်းဝန်းကျင်ရှိခဲ့ရာမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေး ၂၀၂၃ ခုနှစ် မိုးစပါးများအတွက် ရည်ညွှန်းဈေးနှုန်း ဧည့်မထ/ငစိန် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း ဖြစ်သင့်ကြောင်း စက်တင်ဘာလ ၁၉ ရက်တွင် အသိပေးကြေညာပြီးနောက် စပါးကုန်သည်/ပွဲစားများက စပါးဈေးနှုန်း ၁၃ သိန်းဝန်းကျင်အောက်သာ ပေးဝယ်မှုရှိတော့သည်။
ယခုစပါးတင်း ၁၀၀ လျှင် ကျပ် ၇၅၀,၀၀၀ သတ်မှတ်လိုက်ချိန်တွင် အထက်ပါနည်းတူ စပါးဈေးနှုန်း ကျပ် ၇၀၀,၀၀၀ ဝန်းကျင်အထိ ထိုးကျသွားမည်ကို တောင်သူများ စိုရိမ်နေကြပြီး တောင်သူများအနေဖြင့် စပါးဈေးနှုန်း အနည်းဆုံး ၁၀ သိန်းဈေး အထက်ရှိမှသာ အဆင်ပြေမှုရှိမည်ဖြစ်ကြောင်း သိရသည်။
“စပါးတင်း ၁၀၀ ကို ခုနစ်သိန်းခွဲကတော့ မဖြစ်သင့်ဘူး။ လယ်သမားတွေ ၁၀ သိန်းဈေးနဲ့ ရောင်းရရင်တောင် မကိုက်တာကို။ သူတို့က ဒီအောက်မရောက်ဘူးလို့ သတ်မှတ်ပေမဲ့ ဝယ်တဲ့သူက အဲဒီဟာကို ကိုင်ပြီး အဲဒီဝန်းကျင်ပဲ ပေးတော့မှာ။ အရင် ၁၅ သိန်းလောက်ရှိတဲ့စပါးက သူတို့ ၁၃ သိန်းလို့ ထုတ်လိုက်တော့ ၁၃ သိန်းဝန်းကျင်နားပဲ ပေးတော့တာလေ” ဟု ခရမ်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ လယ်သမားအများစုသည် ဆန်ကြမ်းအမျိုးစားအများဖြစ်သော ရွှေမန်း၊ ဖိုးလပြည့်၊ ပုသိမ်ရာကျော်၊ မနောသုခ စသည့် စပါးအမျိုးအစားများကို စိုက်ပျိုးကြသည်။ ယခုနှစ်တွင် တစ်ဧကလျှင် စပါးတင်း ၈၀ ကျော်ထွက်ရှိပြီး ယခုရက်ပိုင်းအတွင်း မိုးကြီးပြီးစပါးများ ထိခိုက်မှုအနည်းငယ်ရှိသဖြင့် နောက်ထပ်ရိတ်သိမ်းမည့် စပါးများမှာ မည်မျှထွက်ရှိမည်ကို မခန့်မှန်းသေးကြောင်း သိရသည်။