၁၀. ၁၀. ၂၀၂၃
Written by Peya
မလေးရှားနိုင်ငံ၏ နိုင်ငံရေး အနေအထားကြောင့် တရားမဝင် လုပ်သားများကို ဖမ်းဆီးမှု များပြားနေပြီး နေ့စဉ် ရက်ဆက် ရှိနေကာ တရားမဝင် မြန်မာအလုပ်သမားများ သတိထားနေထိုင်နေကြရကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက MT News သတင်းဌာနကို ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၏ စီးပွားရေး အခြေအနေက နှေးကွေးနေကာ မလေးရှားနိုင်အစိုးရအနေဖြင့်လည်း နိုင်ငံရေး အခြေအနေ မကောင်းသည့်အပေါ် တရားမဝင် အလုပ်သမားများကို ဖမ်းခြင်းဖြင့် အလှည့်အပြောင်းလုပ်နေသည်ဟု ယူဆကြောင်းလည်း ၎င်းက ဆိုသည်။
“တရားမဝင် အလုပ်သမားဖမ်းတာကတော့ နေ့တိုင်းနီးပါးကို ဖမ်းတာ။ ကားမှတ်တိုင်၊ လက်ဖက်ရည်ဆိုင်ကအစ ဖမ်းနေတာ။ ဖမ်းပြီးရင် မလေးရှားမှာက ကမ့်က တစ်နိုင်ငံလုံးမှာ ၁၅ ခုရှိတယ်။ အဲ့ဒီမှာ ထားတာပေါ့။ ဒီမှာက အခု ဘယ်လို ဖြစ်နေသလဲဆို မြေတွေ၊ လယ်တွေ ပေါင်ရောင်းပြီးတော့ သိန်းလေးဆယ်လောက် အကုန်ခံပြီး အောက်လမ်းကနေ လာတယ်။ ပြီးတော့ ဒီရောက်ရင် လုပ်စရာ အလုပ်က မရှိဘူး။ အဲ့ဒီလိုတွေလည်း ဖြစ်နေတယ်” ဟု အထက်ပါ မြန်မာနိုင်ငံသားက ဆိုသည်။
ထို့အပြင် တရားမဝင် မြန်မာအလုပ်သမားများအနေဖြင့် နေထိုင်မကောင်း၍ ပြန်လိုသည်ဆိုပါကလည်း မလေးရှားနိုင်ငံအစိုးရက တရားဝင် ပြန်ခွင့်မပြုသည့်အပြင် တရားမဝင် လမ်းကြောင်းက ပြန်မည်ဆိုပါကလည်း အဖမ်းခံရမည် စိုးသည့်အတွက် မပြန်ရဲသည့် အခြေအနေပင် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“ဒီမှာက မလေးရှားနိုင်ငံသားနာမည်ခံပြီး နိုင်ငံခြားသားက ဆိုင်ဖွင့်လို့လည်း မရဘူး။ ဒီတော့ ပတ်ဝန်းကျင်ကတိုင်ရင် ဖမ်းလို့ ရတယ်။ အခုက နိုင်ငံခြားသား ကားမောင်းရင်တောင် စစ်နေတာ။ သင်တန်းတက်ပြီး ကားလိုင်စင်ယူဖို့ကလည်း မလွယ်ဘူးလေ။ အခုက ပလုံကောက်တဲ့ သူတွေတောင် တရားမဝင်နေရင် အဖမ်းခံနေရတာ” ဟု ၎င်းက ရှင်းပြသည်။