၁၀. ၁၀. ၂၀၂၃
Written by Peya
ကျောက်ပန်းတောင်းမြို့နယ်တွင် အရက်သောက်ထားသည်ဟု ယူဆရသည့် အသက် ၆၅ နှစ်ကျော်အရွယ် အမျိုးသားကြီးတစ်ဦးသည် ချောင်းဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါသေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သုဂတိရှင်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် ညနေပိုင်း ၅ နာရီ ၄၅ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်ရေကျော်ချောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမျိုးသား(၁)ဦးသည် ချောင်းရေကျသည့်အချိန်တွင် လမ်းဖြတ်ကူးရာမှ ချောင်းရေနှင့်အတူ မျောပါ၍ ပျောက်ဆုံးပြီးနောက် ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း ၈ နာရီအချိန်တွင် အလောင်းကို ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။
“နည်းနည်းသောက်ထားပုံ ရှိပါတယ်။ လမ်းလျှောက်ရင်းကနေ မူးနေတော့ ရေကျနေတာမျိုးကို စဉ်းစားမိမှာ မဟုတ်ပါဘူး။ အဲ့ဒီကနေ ပါသွားတာပါ။ ဖြတ်ရင်း ရေများလာတာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
သေဆုံးသူမှာ အသက် ၆၆ နှစ်ခန့်ရှိသူ ဦးသန်းဝင်းဟု သိရကာ အထက်ပါ ရွာအထက်က ချောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငါးမိုင်ခန့် အကွာရှိ လဲဂွကျေးရွာနှင့် ကုန်းတဲ ကျေးရွာကြားတွင် သောင်တင်နေသည့် အနေအထားဖြင့် ပြန်တွေ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ရေမများဘူး။ လွတ်လောက်တယ် ထင်ပြီးကူးတာဖြစ်မှာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။