၁၀. ၁၀. ၂၀၂၃
Written by Pan Ei
ဂိမ်းပရိသတ်တွေ နှစ်သက်စွာ ဆော့ကစားကြတဲ့ League of Legends (LoL) နဲ့ ပရိသတ်အချစ်တော် တောင်ကိုရီးယား အမျိုးသမီးအဆိုရှင်အဖွဲ့ NewJeans တို့ရဲ့ ပေါင်းစပ်မှုဟာ နွေးထွေးတဲ့ တုံ့ပြန်မှုတွေရရှိနေပြီး အဲ့ဒီပေါင်းစပ်မှုအနေနဲ့ကတော့ ၂၀၂၃ ခုနှစ် League of Legends (LoL) World Championship ပြိုင်ပွဲအတွက် သီချင်း(Theme Song)ကို ပထမဆုံး ကေပေါ့ပ်အနုပညာရှင်အနေနဲ့ NewJeans က သီဆိုပေးထားတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် League of Legends (LoL) World Championship ပြိုင်ပွဲအတွက် NewJeans ရဲ့ သီချင်းနာမည်က ‘GODS’ လို့အမည်ရပြီး သီချင်းဗီဒီယို ထွက်ရှိပြီးနောက်မှာ စံချိန်များစွာကို ချိုးဖျက်နေခဲ့တာလည်း ဖြစ်ပါတယ်။
NewJeans ရဲ့ ‘GODS’ သီချင်းဟာ League of Legends (LoL) World Championship’ ပြိုင်ပွဲအတွက် ၁၀ ပုဒ်မြောက် ကိုယ်စားပြုသီချင်းဖြစ်ပြီး မထုတ်ဝေမီကတည်းက ပရိသတ်တွေဆီက အာရုံစိုက်မှုများစွာရရှိခဲ့ကာ သီချင်းဗီဒီယိုကိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
‘GODS’ အတွက် သီချင်းဗီဒီယိုကို YouTube ပေါ် တင်ပြီးပြီးချင်းမှာပဲ အချိန်နဲ့တပြေးညီ ကြည့်ရှုသူပေါင်း ၁၁၇,၀၀၀ ဝန်းကျင်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၄ နာရီအတွင်း ကြည့်ရှုမှုပေါင်း ၇ ဒသမ ၈ သန်း အထိရရှိခဲ့ကာ ‘GODS’ သီချင်းက ‘LoL World Championship’ ပြိုင်ပွဲကိုယ်စားပြု သီချင်းတွေထဲမှာ ပထမနေ့အတွင်း ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ‘GODS’ သီချင်းဟာ ကိုရီးယား YouTube ရဲ့ လူကြိုက်များ ခေတ်စားနေတဲ့ ဗီဒီယိုတွေထဲမှာ ပထမနေရာရပ်တည်နေခဲ့ပြီး နိုင်ငံ/ဒေသ ၄၆ ခုမှာ ထိပ်တန်းစာရင်းဝင်ခဲ့သလို အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၁၂ နာရီအထိ YouTube မှာ ကြည့်ရှုမှုပေါင်း ၁၇ ဒသမ ၄ သန်းကျော်ရှိခဲ့ပါတယ်။
ဒါတင်မကသေးဘဲ Newjeans ရဲ့ ‘GODS’ ဟာ ကမ္ဘာလုံးဆိုင်ရာဇယားတွေပေါ်မှာလည်း သက်ရောက်မှုရှိခဲ့ပြီး သီချင်းထွက်ရှိတဲ့နေ့မှာတင်ပဲ Spotify မှာ နားဆင်သူပေါင်း ၂ ဒသမ ၆ သန်းကျော်ရှိခဲ့ကာ အဲ့ဒီပမာဏဟာဆိုရင် ‘LoL World Championship’ ပြိုင်ပွဲကိုယ်စားပြုသီချင်းအားလုံးထဲမှာ ပထမဆုံးနေ့ တိုက်ရိုက်နားဆင်မှုအများဆုံးသီချင်းအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။
Ref; Kbizoom