၁၀. ၁၀. ၂၀၂၃
Written by Nay Moe
အိုလံပစ်ကျောက်ထုတ်လုပ်ငန်းကွင်းကို KNU နှင့် PDF များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ Grade 7 ကျောင်းသူတစ်ဦး ဦးခေါင်းပွင့်ထွက် သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအနီးရှိ အိုလံပစ်ကျောက်ထုတ်လုပ်ငန်းကွင်းအတွင်းသို့ KNU နှင့် PDF များက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သဖြင့် လက်နက်ကြီးကျည် ၁ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် အဆိုပါကျောက်ထုတ်လုပ်ရေးလုပ်ငန်းဝင်းနေ Grade 7 ကျောင်းသူ မအိအိလှိုင်စော (၁၃)နှစ်မှာ လက်နက်ကြီးကျည်ပေါက်ကွဲစထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်အပေါ် တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ မအိအိလှိုင်စောအား ဦးခေါင်းဗုံးသီးစထိမှန် ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိရသဖြင့် အလောင်းအား တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ပစ်ခတ်သည့် PDF/KNU (စိစစ်ဆဲ)အဖွဲ့အား နမစ-၃(တောင်ငူ) (ပ)၈၉/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်ဟု သိရသည်။