၁၀. ၁၀. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲတပ်ဖွဲ့သည် ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်း သံအမတ်ကြီးဟောင်း Mr. Wichit Chitwiman ဆိုသူ အသတ်ခံရမှုနှင့်ပတ်သက်ပြီး ၎င်းနှင့်သားအဖသဖွယ်ရင်းနှီးသော အသက် ၁၉ နှစ်အရွယ်ရှိမြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်းသိရသည်။
ဘန်ကောက်မြို့ Soi Vibhavadi Rangsit 20 အရပ်ဒေသ Vibhavadi Rangsit လမ်းတွင်နေထိုင်နေသော ထိုင်းသံအမတ်ကြီးဟောင်း၏နေအိမ်အတွင်းမှ အပုပ်နံများရသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဘန်ကောက်မြို့ရဲတပ်ဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာသံအမတ်ကြီးဟောင်းဖြစ်သူ Mr. Wichit Chitwiman ကို သုံးထပ်တိုက်နေအိမ်၏ ဒုတိယအထပ်ရေချိုးခန်းအတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဘန်ကောက်မြို့ရဲတပ်ဖွဲ့က ပြောသည်။
ဘန်ကောက်မြို့ရဲတပ်ဖွဲ့သည် အသက် ၆၃ နှစ်အရွယ်ရှိ သံအမတ်ကြီးဟောင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်နှင့် CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ရာ အခြေနေတိုးတက်မှုများရှိလာခဲ့ပြီးနောက် သံအမတ်ကြီးဟောင်း၏မွေးစားသားသဖွယ်ဖြစ်နေသည့် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
သံအမတ်ကြီး၏ ရုပ်အလောင်းကို ရင်ခွဲရုံပို့ စမ်းသပ်စစ်ဆေးခဲ့ရာ စက်တင်ဘာ ၂၇ ရက်နေ့တည်းကအသတ်ခံရခြင်းဖြစ်ကြောင်း၊ သံအမတ်ကြီးနေအိမ်ကို စစ်ဆေးခဲ့ရာ ငွေကြေးများနှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေခဲ့ကြောင်း ဘန်ကောက်မြို့ရဲတပ်ဖွဲ့ အကြီးအကဲရဲမှူးကြီး Atthaphon Anusit က ပြောသည်။
မြန်မာနိုင်ငံသားစိုင်းမြတ်မိုးဆိုသူသည် စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင် သံအမတ်ကြီးဟောင်း၏အိမ်ကိုလာရောက်ကာ သံအမတ်ကြီးဟောင်းကို ရန်ပြုတိုက်ခိုက်ခဲ့ပြီးနောက် ဘဏ်ထဲမှငွေကြေးများပြန်ထုတ်ယူနိုင်ရန် ဘဏ် Code ကိုလည်း ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း၊ ဘဏ် Code ရရှိပြီးနောက် သံအမတ်ကြီး၏ဝမ်းဗိုက်ကို ဓားဖြင့် သုံးချက်ထိုးသတ်သွားခဲ့ခြင်းဖြစ်ကြောင်းဘန်ကောက်မြို့ရဲတပ်ဖွဲ့က ပြောသည်။
စိုင်းမြတ်မိုးသည် သံအမတ်ကြီးကို သတ်ပြီးနောက် ဓားကို မီးဖိုချောင်ထဲတွင်ထားကာ အိမ်အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများ၊ ငွေကြေးများကိုလည်း ယူဆောင်၍ တက္ကဆီ ငှားရမ်းပြီး ပြန်လည်ထွက်သွားခဲ့ကြောင်း CCTV မှတ်တမ်းများကို လေ့လာပြီးနောက် ဘန်ကောက်မြို့ရဲတပ်ဖွဲ့က ပြောသည်။
Ref; thairath