October 19, 2024

၉. ၁၀. ၂၀၂၃
Written by Phyo Wei

အင်တာနက်လွတ်လပ်ခွင့်မရှိတဲ့အပြင် အင်တာနက်အနှေးဆုံးနဲ့ စျေးအကြီးဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ ထုတ်ပြန်တဲ့ ဒီရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့ လူငယ်တွေကို ရာသီဥတုပြောင်းလဲမှုနဲ့ ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့ သက်ရောက်မှုတွေက ကာကွယ်ပေးဖို့ ကုလသမဂ္ဂကလည်း တောင်းဆိုလာပါတယ်။

တစ်ဖက်မှာလည်း အွန်လိုင်းကနေ မြေတွေရောင်း၊ ငွေတိုက်စာချုပ်တွေရောင်း၊ ထီတွေရောင်း၊ ဘဏ်တွေဖွင့်၊ အလှူတွေခံတာကနေ ဒေါ်လာ သန်း ၁၅၀ လောက် ရှာဖွေထားတဲ့ NUG ဟာ PDF တွေကို ၂ နှစ်အတွင်း ထောက်ပံ့မှုက ဒေါ်လာ ၁၆ သန်းတောင် မပြည့်လို့ အလွဲသုံးစားမှုတွေ ရှိနေတာ၊ ငွေကြေးဆိုင်ရာ စာရင်းရှင်းလင်းမှုတွေ လုပ်ပေးဖို့ တောင်းဆိုသင့် မသင့် စစ်တမ်းကောက်လာတာတွေ တွေ့မြင်ရတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ KIA က ဖမ်းဆီးသွားတဲ့ ကျောင်းသား ၃၀ ကျော်အကြောင်း၊ ဒီနှစ် ၉ လအတွင်း ကျန်းမာရေးဝန်ထမ်း ၂၇ ဦး သတ်ဖြတ်ခံရတဲ့အကြောင်းနဲ့ လူ့အခွင့်အရေးဆွေးနွေးပွဲတွေဆီ SAC ကို ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တဲ့ EU နဲ့ ASEAN အကြောင်းတွေကို တင်ပြချင်ပါတယ်။

◾ KIA ဖမ်းဆီးတဲ့ ကျောင်းသား ၃၀ ကျော်

နွေဦးတော်လှန်ရေးကြောင့် လူငယ်တွေ PDF ထဲ အများကြီးဝင်တယ်လို့ ဘယ်လိုပဲပြောပြော၊ တိုက်ပွဲတွေဖြစ်တိုင်း PDF တွေ ပွန်းပဲ့ဒဏ်ရာလောက်ပဲရပြီး မကျဘူးဆိုဆို၊ တိုင်းရင်းသား EAOs တွေကို လူထောက်ခံမှုမြင့်တက်လာတယ် ဘယ်လိုပဲဖြေဖြေ အချိန်တစ်ခုအကြာမှာတော့ PDF ထဲ ဝင်တဲ့သူလျော့၊ EAO ဘက်လည်း ဘယ်သူမှမဝင်၊ လူငယ်တွေဟာ ပြည်ပထွက်ဖို့နဲ့ ပညာရေးအတွက်ပဲ ကြိုးပမ်းနေကြတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်ဘက်မှာရော PDF ဘက်မှာပါ လူငယ်တွေကို ဖမ်းဆီးစစ်သားစုဆောင်းတာ လုပ်နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း KIA က ဆွမ်ပရာဘွန်မြို့အကျော်၊ ခတ်ခရားယံနေရာမှာ အဝေးသင်ဖြေမဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အဝေးသင်ဖြေမဲ့ကျောင်းသားချည်း အစုလိုက်အပြုံလိုက်ဖမ်းတာမျိုးမဟုတ်ဘဲ လူငယ်တွေကိုရွေးဖမ်းပြီး စစ်သားစုဆောင်းရတဲ့ပုံစံနဲ့ မကြာခဏ ဆင်းဖမ်းရာကနေ လူများလာတာပါ။ KIA အပြင် တခြား TNLA၊ MNDAA တို့ KNU တို့ဘက်မှာပါ အဲဒီလိုမျိုး လူငယ်တွေ ဖမ်းဆီးစစ်သားစုဆောင်းတာတွေက အခုနောက်ပိုင်း ဆက်တိုက်ဖြစ်နေပြီး လူငယ်တွေ မိဘတွေကိုယ်တိုင်ကိုက သူတို့သားသမီးတွေကို စစ်သားစုဆောင်းခံနေရတာ စိတ်ပျက် ထိတ်လန့်နေတဲ့အခြေအနေပါ။ တိုင်းရင်းသားလက်နက်ကိုင်တို့၊ PDF တို့ဘက်ကို လူငယ်တွေအများအပြား ဝင်လာတယ် ဘယ်လိုပြောပြော အချိန်သုံးနှစ်မပြည့်ခင်မှာတောင် အဓမ္မစစ်သားစုဆောင်းနေရတာနဲ့ ပြည်သူကြားမှာ ထိတ်လန့်လာတာတွေကလည်း နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဝေးသထက်ဝေးလာတဲ့ မဖြစ်နိုင်တဲ့ ပြယုဂ်လို့ပဲ။

◾ ၉ လတာအတွင်း ၂၇ ဦး သေတဲ့ ကျန်းမာရေးဝန်ထမ်း

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၄ ရက်အထိ ကျန်းမာရေးဝန်ထမ်း ၂၇ ယောက် သတ်ဖြတ်ခံရတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်ပေးမှုစနစ်ကို တိုက်ခိုက်ခံရမှုကလည်း ၂၆၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆွတ်ဇာလန်အခြေစိုက် Insecurity Insight အဖွဲ့က ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအဆောက်အအုံတွေ ထိခိုက်မှုများခဲ့သလို အကြိမ်ပေါင်း ၈၂ ​ကြိမ်လည်း တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ ပိုပြီးဆိုးတာကတော့ ကျန်းမာရေးဆိုင်ရာအဆောက်အအုံတွေကို ဒရုန်းတွေ၊ ဗုံးတွေ၊ မော်တာကျည်တွေကျရောက်ပေါက်ကွဲမှုကလည်း အကြိမ် ၆၀ ကျော်ရှိခဲ့ပါသေးတယ်။

ပိုပြီးဆိုးတဲ့အချက်အဖြစ်လည်း နွေဦးတော်လှန်ရေး သုံးနှစ်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးကို အကြိမ်ပေါင်း ၁၀၆၂ ကြိမ် တိုက်ခိုက်ခံခဲ့ပြီး ကျန်းမာရေးစနစ်တစ်ခုလုံးအပေါ် တိုက်ခိုက်မှုမြင့်တက်လာတာပါ။ တကယ်ဆို နွေဦးတော်လှန်ရေးအစမှာ နိုင်ငံ့ဝန်ထမ်းတွေကို မလုပ်သင့်မလုပ်ထိုက်တဲ့ CDM စလုပ်ဖို့ နှိုးဆော်ဦးဆောင်ခဲ့တာ ဆရာဝန်တွေပါ။ CDM အစမှာ ဆေးရုံတွေပိတ်ပြီး လူနာတွေမောင်းချလို့ ပြည်သူအများအပြား မသေသင့်ဘဲသေရ၊ ဆေးရုံမပိတ်တဲ့ဆရာဝန်တွေကို အရှက်ခွဲတိုက်ခိုက်သတ်ဖြတ်လုပ်ခဲ့ကြ၊ ဗုံးတွေခွဲခဲ့ကြတာလည်း တော်လှန်ရေးသမားတွေပါပဲ။ ဒီလိုမျိုး မလုပ်သင့်မလုပ်ထိုက်သူတွေပါ CDM လုပ်ဖို့နှိုးဆော်ခဲ့တာရဲ့ အကျိုးဆက်အဖြစ်တော့ ဒီနေ့ဒီကာလအထိ မြန်မာနိုင်ငံမှာ ဆေးရုံတွေပုံမှန်မလည်ပတ်နိုင်တော့သလို ဒီအပေါ်မှာ ထိခိုက်ရတာတော့ ပြည်သူ့ဆေးရုံတွေမှီခိုနေရတဲ့ အခြေခံလူတန်းစားတွေပါ။ ဒီလိုဖြစ်ရပ်ဆိုးတွေဟာ ရပ်တန့်သင့်ချိန်တန်ပြီဖြစ်သလို ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုပြီး စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်တာတွေလည်း ရပ်တန့်သင့်နေပါပြီ။

◾ လူ့အခွင့်အရေးဆွေးနွေးပွဲတွေဆီ SAC ကို ဖိတ်ကြားမဲ့ EU နဲ့ ASEAN

ပြည်သူအချင်းချင်းကြား သတ်ဖြတ်ဖို့ ငွေကြေးရှာဖွေထောက်ပံ့နေသူတွေ နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်းဝင်လို့ ပျော်ခဲ့ကြပေမဲ့ တကယ်ရသွားခဲ့တာတော့ အီရန်အမျိုးသမီးထုလွတ်လပ်ရေးတိုက်ပွဲဝင်ပေးတဲ့ နာဂတ်စ်မိုဟမ်မာဒီရသွားပြီး လူထုနဲ့ဝန်ထမ်းသတ်ဖြတ်ဖို့ တိုက်တွန်းနှိုးဆော်သူတွေက ဘယ်ရမလဲကွလို့ ကမ္ဘာကို Message ပေးခံရတဲ့ ဒီတစ်ပတ်မှာပဲ EU နဲ့ အာဆီယံကလည်း သူတို့ကျင်းပမဲ့ လူ့အခွင့်အရေးဆွေးနွေးပွဲတွေဆီ SAC အစိုးရကို ဖိတ်မယ်လို့ ဆုံးဖြတ်လိုက်တာက လက်နက်မဲ့ပြည်သူတွေကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုပြီး သတ်ဖြတ်နေတဲ့ NUG အတွက်တော့ ကမ္ဘာကြီးက အရှိုက်ကိုထိုးတဲ့လက်သီးပါ။

လက်နက်မဲ့သူတွေကို တရားလက်လွတ်သတ်ဖြတ်နေတာကြောင့် ကမ္ဘာ့ဘယ်နိုင်ငံကမှ အဝေးရောက်အစိုးရအဖြစ်တောင် အသိအမှတ်ပြုမခံရဘဲ ကြာလေလေနှပ်ပစ်ခံရလေလေဖြစ်လာနေတဲ့အခြေအနေမှာ ကမ္ဘာကြီးရဲ့အာရုံက ရုရှား- ယူကရိန်းအပြင် အစ္စရေးစစ်ပွဲပေါ်ပါ ပြောင်းလဲသွားတာကြောင့် လက်နက်မဲ့ပြည်သူတွေကို တိုက်ခိုက်ဖို့ပဲအားသန်တဲ့ NUG နဲ့ PDF တွေကို ထပ်ဆင့်ထိုးနှက်ချက်အဖြစ် BIMSTEC မှာ ​နစကဥက္ကဋ္ဌတက်ရောက်ဖို့လည်း ထိုင်းနိုင်ငံက ဖိတ်ကြားလာပါသေးတယ်။

တစ်ချိန်က ကမ္ဘာ့စင်မြင့်ထက်မှာ နေရာအနည်းငယ်ရခဲ့ပေမဲ့ တရားဝင်ခွင့်ရရေး ကြိုးပမ်းမှုမှာတော့ အသိဉာဏ်နည်းခဲ့တာကြောင့် ပြည်သူလူထုကို အလစ်မှာ ချောင်းမြောင်းသတ်ဖြတ်၊ ဆက်ကြေးကောက်လုယက်၊ ပြန်ပေးဆွဲတာအပြင် PDF တွေနဲ့ NUG ဦးဆောင်သူတွေရဲ့ ငွေကြေးအဂတိတွေ၊ လိင်ကိစ္စရှုပ်ပွေမှုတွေ မုဒိမ်းမှုတွေ ဖုံးမရိဖိမရ သက်သေနဲ့တကွ ထွက်ပေါ်လာတာကြောင့်လည်း ဒီလိုမျိုးလုပ်ရပ်တွေ ကျုးလွန်နေတဲ့အဖွဲ့ကို ကမ္ဘာကြီးက နားလည်မပေးနိုင်တော့ချိန်မှာ စင်မြင့်ထက်က ကန်ချ၊ တရုတ်ခေါင်းကိုက်နေရေးအတွက်ပဲ အသုံးချစရာအဖွဲ့လေးအဖြစ် တစတစ မြောင်းထဲခေါင်းစိုက်ကျလာတာလို့ပဲ ထင်မိတယ်သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *