October 19, 2024

၉. ၁၀. ၂၀၂၃
Written by Peya

အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာပါ အကြံပြုချက်များနှင့် စပ်လျဉ်း၍ စက်တင်ဘာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်အသိပေးခဲ့သည်။

Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့် စာရင်းများအား စဉ်ဆက်မပြတ် ကြေညာပေးနေကြောင်း စာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရားဝင် ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည် ကြိုဆိုလက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျား ၁,၂၉၀ ဦး၊ မ ၄၂၇ ဦး၊ စုစုပေါင်း ၁,၇၁၇ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

ပြည်တွင်းအလုပ်သမား ခန့်ထားမှုနှင့်ပတ်သက်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့်အညီ အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲအလုပ်သမားဥပဒေများတွင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား/မ ခွဲခြားမှု မရှိဘဲ၊ မြို့ပြ/ ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတိုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး(၈၉)ရုံး၊ အထူးစီးပွားရေးဇုန်ရုံး(၃)ရုံး ဖွင့်လှစ်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့်အညီ အလုပ်သမား ရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ၅ နှင့်အထက်ရှိသော သမဝါယမ၊ ဖက်စပ်နှင့် ပုဂ္ဂလိကလုပ်ငန်းများထံမှ အမှာစာများလက်ခံခြင်း အမှာစာအရ သင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများအား စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ်ထားသူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေးကတ်ပြား (အလလခ ပုံစံ-၇) ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမား မှတ်ပုံတင်ထားသော အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

နိုင်ငံခြားသား အလုပ်သမားများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC) ၏ ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နိုင်ငံခြားသား အကြီးတန်းစီမံခန့်ခွဲသူများနှင့် ကျွမ်းကျင်ပညာရှင်များ၏ အလုပ်လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC) က ခွင့်ပြုပေးလျက်ရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ (က) အရ နိုင်ငံခြားသားအလုပ်သမား မှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များတွင် လာရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားအလုပ်သမားများအား ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၇၇ အရ နိုင်ငံခြားသားအလုပ်သမားမှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဖော်ပြရေးသားထားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *