October 19, 2024

၉. ၁၀. ၂၀၂၃

Written by Nyein Kyaw

နိုင်ငံခြားသားများအား အဓိကရောင်းချရန် နေပြည်တော်တွင် ပြုလုပ်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်‌ရောက်ဝယ်ယူလိုသူများ ကျောက်မျက်အတွဲအမျိုးအစားအလိုက် အာမခံစပေါ်ငွေများကို ကြိုတင်ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်သည်။

ကျောက်အတွဲအမျိုးအစားအလိုက် အနည်းဆုံးပေးသွင်းရမည့် အာမခံစပေါ်ငွေနှုန်းထားနှင့် ဝယ်ယူခွင့်ပြုမည့် ကျောက်အတွဲတန်ဖိုးများမှာ ကျောက်မျက်အတွက် အာမခံစပေါ်ငွေ ဒေါ်လာနှစ်ထောင်နှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာနှစ်သောင်း၊ ကျောက်စိမ်း (A) အုပ်စုအတွက် အာမခံစပေါ်ငွေ ဒေါ်လာငါးသောင်းနှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာငါးသိန်း၊ ကျောက်စိမ်း (B) အုပ်စုအတွက် အာမခံစပေါ်ငွေ ဒေါ်လာနှစ်သောင်းနှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာနှစ်သိန်း၊ ကျောက်စိမ်း (C) အုပ်စုအတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၅၀နှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာသိန်း ၅၀၀ သတ်မှတ်ထားသည်။

အာမခံစပေါ်ငွေများကို ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ယွမ်ငွေနှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက သတ်မှတ်ထားသည့် “အာမခံစပေါ်ငွေပေးသွင်းရမည့် ငွေလဲလှယ်နှုန်း” ဖြင့် ပေးသွင်းရမည်ဖြစ်သည်။ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် “ ကျောက်တန်ဖိုးငွေပေးချေရမည့်ငွေလဲလှယ်နှုန်း” ဖြင့် ပြန်လည်သတ်မှတ်၍ ဝယ်ယူရမည်ဖြစ်သည်။

ဝယ်ယူမည့် ကျောက်အတွဲအမျိုးအစားအလိုက် အာမခံစပေါ်ငွေများအား ကျောက်မျက်အတွက် အောက်တိုဘာလ ၂၂ ရက်၊ ကျောက်စိမ်း (A) နှင့် (B) အုပ်စုအတွက် အောက်တိုဘာလ ၂၃ ရက်နှင့် ကျောက်စိမ်း (C) အုပ်စုအတွက် အောက်တိုဘာလ ၂၆ ရက်တို့တွင် အာမခံစပေါ်ငွေ ‌ပေးသွင်းရမည်ဖြစ်သည်။

ငွေပေးချေရန်ပျက်ကွက်ပြီး ငွေပေးချေရန် ကျန်ရှိသည့် ကျောက်အတွဲရာခိုင်နှုန်း/ကျောက်တန်ဖိုး ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိကို အာမခံစပေါ်ငွေသိမ်းယူခြင်း၊ ရာခိုင်နှုန်း ၂၀ မှ ၄၀ အထိ အာမခံစပေါ်ငွေသိမ်းမည့်အပြင် ပွဲတက်ရောက်ခွင့် တင်ပြလာပါက ကျောက်အတွဲတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရွက်မည်။

ထို့ပြင် ရာခိုင်နှုန်း ၄၀ မှ ၆၀ အထိ (သို့မဟုတ်) ကျောက်အတွဲတန်ဖိုး ယူရို ၄ သိန်းမှ ၆ သိန်းအထိကို အာမခံစပေါ်ငွေသိမ်းယူခြင်းနှင့် ပွဲတက်ခွင့်/ဝယ်ယူခွင့် တစ်ကြိမ်ပိတ်ပင်ခြင်း၊ ရာခိုင်နှိုင်း ၆၀ မှ ၈၀ အထိကို (သို့မဟုတ်) ယူရို ၆ သိန်းအထက်မှ ၈ သိန်းအထိကို အာမခံစပေါ်ငွေသိမ်းယူခြင်းနှင့် ပွဲတက်ခွင့်/ဝယ်ယူခွင့် နှစ်ကြိမ်ပိတ်ပင်ခြင်း၊ ရာခိုင်နှုန်း ၈၀ မှ ၁၀၀ အထိ (သို့မဟုတ်) ယူရို ၈ သိန်းနှင့်အထက်ကို အာမခံစပေါ်ငွေသိမ်းယူခြင်းနှင့် ပွဲတက်ခွင့်/ဝယ်ယူခွင့် သုံးကြိမ်ပိတ်ပင်ခြင်း ဆောင်ရွက်သွားမည်အပြင် ကျောက်တွဲအရေအတွက်ရာခိုင်နှုန်းနှင့် ကျောက်အတွဲတန်ဖိုးအပေါ်မူတည်၍ ပြပွဲဗဟိုကော်မတီ၏ သုံးသပ်ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *