October 22, 2024

၃၂ ကြိမ်မြောက် SEA Gemas တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအားကစားသမားများကို တရုတ်နိုင်ငံသို့ မစေလွှတ်မီ တာဝန်ရှိသူများ တွေ့ဆုံအမှာစကားပြောကြားစဥ်

၁၁. ၁၁. ၂၀၂၂

Written by Thettant

၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများကို တရုတ်နိုင်ငံတွင် ပူးတွဲလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ အရည်အသွေး၊ အရည်အချင်းများ ပိုမိုတိုးတက်လာစေရန်အတွက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် အားကစားနည်းများအနက်မှ ဘော်လီဘော၊ ဝူရှူး၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့အားကစားနည်းများမှ အုပ်ချုပ်/နည်းပြ(၁၅)ဦး၊ အားကစားသမား ကျား(၅၂)ဦး၊ မ(၃၄) ဦး၊ စုစုပေါင်း(၁၀၁)ဦးတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) ပြုလုပ်ရန် (ပထမအသုတ်) အနေဖြင့် နိုဝင်ဘာလတွင် စေလွှတ်သွားမည် ဖြစ်ကြောင်း အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ​ပြောသည်။

SEA Games ပြိုင်ပွဲတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရာ၌ အမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်စေရန်နှင့် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိစေရန်အတွက် Joint Training စေလွှတ်ပေးရခြင်း ဖြစ်ပြီး အားကစားသမားများအနေဖြင့် မိမိတို့၏အရည်အသွေးများ ပိုမိုတိုးတက်လာစေရန် Joint Training ကာလအတွင်း လေ့ကျင့်မှုများ ပြုလုပ်ရာ၌ စိတ်ရော ကိုယ်ပါနှစ်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ကြစေလိုကြောင်းနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း အခက်အခဲတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူများထံ ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကာ နိုင်ငံတော်မှ အားကစားကို အားပေးပံ့ပိုး ဖြည့်ဆည်းပေးနေသည့် အချိန်ကာလ ဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် အားကစားဖြင့် အမိနိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်နိုင်အောင် ယခုအချိန်မှစ၍ အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်သွားကြရန် လိုကြောင်း ဦးမင်းသိန်းဇံက ဆက်လက်ပြောသည်။

SEA Games ပြိုင်ပွဲများကို မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ရာ (၂၉)ကြိမ်မြောက်တွင် ကစားနည်း ၂၉ နည်းအတွက် အားကစားသမား ၃၈၂ ဦးစေလွှတ်ခဲ့ပြီး ရွှေတံဆိပ် ၇ ဆုအပါအဝင် ဆုတံဆိပ် ၃၇ ခု၊ (၃၀)ကြိမ်မြောက်တွင် ကစားနည်း ၃၁ နည်းအတွက် အားကစားသမား ၃၅၁ ဦးစေလွှတ်ခဲ့ပြီး ရွှေတံဆိပ် ၄ ဆုအပါအဝင် ဆုတံဆိပ် ၇၃ ခု၊ (၃၁)ကြိမ်မြောက်တွင် ကစားနည်း ၂၀ နည်းအတွက် အားကစားသမား ၂၉၃ ဦးစေလွှတ်ခဲ့ပြီး ရွှေတံဆိပ် ၉ ဆုအပါအဝင် ဆုတံဆိပ် ၆၂ ခု ရရှိခဲ့သဖြင့် တိုးတက်သည်ဆိုနိုင်သော်လည်း ကစားသမားများ၏ ကြံ့ခိုင်မှု၊ နည်းစနစ်၊ သက်လုံစသည်များတွင် လိုအပ်ချက်များရှိနေကြောင်း SAC ဥက္ကဋ္ဌက ယခုနှစ် ဇွန် ၃ ရက်တွင် ကျင်းပသည့် (၃၁)ကြိမ်မြောက် SEA Games တွင် ရွှေတံဆိပ်ဆုရ အားကစားသမားများအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ဝေဖန်ထောက်ပြခဲ့ပြီးနောက် (၃၂) ကြိမ်မြောက် SEA Games အတွက် ယခုကဲ့သို့ ကြိုတင်ပြင်ဆင်လာခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် SEA Games ကို ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ မေ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

၃၂ ကြိမ်မြောက် SEA Games တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအားကစားသမားများကို တရုတ်နိုင်ငံသို့ မစေလွှတ်မီ တာဝန်ရှိသူများ တွေ့ဆုံအမှာစကား​ပြောကြားစဥ်

Leave a Reply

Your email address will not be published. Required fields are marked *