October 19, 2024

◾ ရန်ကုန်နှင့် မန္တလေးတို့မှ စတင်ထွက်ခွာမည့် အစုန်၊ အဆန် အမြန်ရထား ၄ စင်းတို့၏ ခရီးစဉ်များပါ ဖျက်သိမ်း

၈. ၁၀. ၂၀၂၃

Written by Nyein Kyaw

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတို့တွင် ရထားလမ်းများရေကျော်နေသဖြင့် လူစီးရထားခရီးစဉ်များ ခေတ္တရပ်နားခဲ့သည့်အပြင် ရန်ကုန်နှင့် မန္တလေးတို့မှ စတင်ထွက်ခွာမည့် အမြန်ရထားခရီးစဉ်များကိုလည်း ဖျက်သိမ်းထားကြောင်းပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

အောက်တိုဘာ ၈ ရက် (ယနေ့) နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲ ရေကျော်စီးဆင်းလာခြင်းတို့ကြောင့် ပဲခူးမြိုနယ် ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျားပေ ၅၀၀ ခန့်တွင် သံလမ်းအပေါ် ရေ ၁၈ လက်မခန့် ကျော်တက်နေပြီး ရထားများဖြတ်သန်းနိုင်မှုမရှိသဖြင့် လူစီးအမြန်ရထား ၂ စင်း ခေတ္တရပ်နားထားခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 370048951_618464850459586_1461580654421911409_n.jpg

အဆိုပါဖြစ်စဉ်ကြောင့် မန္တလေးမှ ထွက်ခွာလာသော အမှတ် ၄ အစုန် လူစီးအမြန်ရထားသည် ပျဉ်ပုံကြီးဘူတာ၌ နံနက် ၈ နာရီတွင်လည်းကောင်း၊ ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မော်လမြိုင်မှ ထွက်ခွာလာသော အမှတ် ၈၂ အစုန် လူစီးအမြန်ရထားသည် ဝေါဘူတာ၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း ရောက်ရှိနေပြီး ရေပြန်လည်ကျဆင်းမည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။ ရထားလမ်းရေကျော်တက်မှု ကြာမြင့်နိုင်မည့်အခြေအနေကြောင့် အမှတ် ၄ အစုန် လူစီးအမြန်ရထားမှ ခရီးသည် ၃၀၀ ခန့်မှာ ပျဉ်ပုံကြီးဘူတာ၌ လိုရာခရီးသို့ ဆက်သွားရန် စောင့်ဆိုင်းခဲ့ရသည်။

ထိုပြင် ပဲခူးတိုင်းဒေသကြီးအစိုးရ၏ စီစဉ်ကြီးကြပ်မှုဖြင့် မွန်းလွဲ ၂ နာရီတွင် အဆိုပါရထားပေါ်၌ရှိနေသော ရန်ကုန်သိုသွားရောက်မည့် ခရီးသည် ၂၂၅ ဦးကို ယာဉ် ၅ စီးဖြင့် ပျဉ်ပုံကြီးမှ ရန်ကုန်ဘူတာကြီးအထိ ဆက်လက်ရွှေ့ပြောင်း ပို့ဆောင်ပေးလျက်ရှိသည်။

This image has an empty alt attribute; its file name is 387049439_618464907126247_296451168266609636_n.jpg

ထို့အတူ အမှတ် ၈၂ အစုန် အမြန်ရထားတွဲဆိုင်းအား ကလိဘူတာသို ရွှေ့ပြောင်းပြီးနောက် ခရီးသည် ၅၇၀ ကို မော်တော်ယာဉ် ၁၀ စီးဖြင့် ရန်ကုန်ဘူတာကြီးသို့ ရွှေ့ပြောင်းပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်။

ယင်းကဲ့သို့ ရထားလမ်းရေကျော်တက်မှုအခြေအနေအရ ရထားများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသောကြောင့် မြန်မာ့မီးရထားအနေဖြင့် ယနေ့ ညနေပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့မှ စတင်ထွက်ခွာမည့် အစုန်၊ အဆန် အမြန်ရထား ၄ စင်းတို့၏ ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။

မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် ဖောင်တော်သီဘူတာရှိ ကျောက်ကြီးများအား ရေဖုံးလွှမ်းနေသည့် လမ်းပိုင်းအတွင်းသို့ ချယူ၍ ရထားလမ်းကြံ့ခိုင်မှုရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေကျော်တက်နေသည့် ရထားလမ်းပိုင်းအတွင်း ရေပြန်လည်ကျဆင်းသွားချိန်တွင် လမ်း၏ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မွမ်းမံပြင်ဆင်၍ ရထားခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *