October 19, 2024

၉. ၁၀. ၂၀၂၃
Written by Peya

နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဒဏ်ကို ခံစားနေရသည့် ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ၃ လက်မ ခန့် ထပ်တက်ဦးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။

ယနေ့ အောက်တိုဘာလ ၉ ရက် နေ့လယ်ပိုင်း ၁ နာရီခွဲ အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ လေးပေကျော်လွန် ရောက်ရှိနေကာ လာမည့် တစ်ရက် အတွင်း သုံးလက်မ ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is photo_2023-10-09_16-05-07-1024x768.jpg

“ရေမြင့်တက်တာက မိုးများလို့ပါ။ နောက်ဆက်တွဲဆည်တွေ ဘာတွေ ကိစ္စတွေ ရှိမှာပေါ့။ ဆည်တွေ ရေလျှံလို့ ဖွင့်တာမျိုးလည်း ဖြစ်မှာပေါ့။ နှစ်ရက်သုံးရက်လောက်က မနားတမ်းရွာတဲ့ မိုးပါ။ အဓိကတော့ မိုးရွာသွန်းမှုများလို့ပဲ ပြောရမှာပေါ့။ မိုးရွာသွန်းမှုကတော့ အရင် ရက်လောက် မများပေမယ့် တစ်ရက် နှစ်ရက်လောက်တော့ ရွာဖို့ ရှိသေးတယ်။ လကုန်အထိတော့ ရွာနေမှာပဲ။ နည်းနည်းပေါ့” ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယမန့်နေ့ အောက်တိုဘာလ ၈ ရက်က ပဲခူးမြို့တွင် စံချိန်တင် မိုးရွာသွန်းခဲ့ကာ မိုးရွာသွန်းမှုအခြေအနေကြောင့် ရေဆက်တက်နေဦးမည့် အခြေအနေရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ပဲခူးမြို့၌ ရေဘေးဒုက္ခသည်စခန်းများကိုလည်း ဖွင့်လှစ်ထားကာ နေရာမှ ပြောင်းရွှေ့လိုသူများကိုလည်း တာဝန်ရှိသူများနှင့် ပရဟိတ အသင်းများက ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ပေးနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *