October 19, 2024

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တွင် သက်သာသောဈေးဖြင့် ဆန်များရောင်းချပေးခဲ့မှုကို တွေ့ရစဉ်

၉. ၁၀. ၂၀၂၃
Written by Nyein Kyaw

ဝယ်ယူသူနည်းလာခြင်းနှင့် ပြင်ပဈေးကွက်တွင်လည်း ဆန်ဈေးနှုန်း အထိုက်အလျောက် ကျဆင်းလာသဖြင့် သက်သာသောဈေးနှုန်းဖြင့် ‌ဆန်များ‌ရောင်းချပေးနေမှုကို ယခုလအလယ်တွင် ရပ်နားသွားမည်ဖြစ်ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ သိရသည်။

ပြည်တွင်းဆန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေမှုကြောင့် ဆန်ဈေးနှုန်း ပြန်လည်ကျဆင်းလာစေရန် ဩဂုတ်လ ၇ ရက်မှစတင်ပြီး သက်သာသောဈေးနှုန်းဖြင့် ကုန်စည်ဒိုင်များမှတစ်ဆင့် မှတ်ပုံတင်တစ်ခုလျှင် ပေါ်ဆန်းဆန် တစ်အိတ်နှင့် ဧည့်မထဆန် တစ်အိတ် ရောင်းချပေးလျက်ရှိသည်။

ယင်းကဲ့သို့ ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

“ဒီလအလယ်လောက်တောင်နားမယ်။ ရောင်းထားတဲ့ ဆန်အိတ်ရေ စုစုပေါင်းကတော့ စာရင်းပြန်ကြည့်မှသိမယ်။ အရောင်းအဝယ်ကတော့ နည်းနည်းလေးတော့မများတော့ဘူး။ အပြင်ဈေးတွေလည်း နည်းနည်းလေးကျလာတော့ ဒီလအလယ်လောက်ကို နားဖို့လုပ်ထားတယ်” ဟု ဆန်စပါး ကုန်သည်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆန်ကြမ်းဈေးနှုန်း တစ်အိတ် ကျပ် ၃၀,၀၀၀ အောက်နှင့် ရွှေဘိုပေါ်ဆန်း ကျပ် ၇၀,၀၀၀ ဝန်းကျင်သာရှိခဲ့ရာမှ နှစ်နှစ်အတွင်း ဆန်ကြမ်းတစ်အိတ် ကျပ် ၆၀,၀၀၀ မှ ၇၀,၀၀၀ ကြားနှင့် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၁၆၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလဆန်းပိုင်းတွင် ပြည်တွင်း ဆန်လက်လီဈေးကွက်တွင် ဆန်ဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာပြီး ဆန်အမျိုးအစားအလိုက် တစ်ပြည်လျှင် ကျပ် ၂၀၀ ဝန်းကျင်နှင့် တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း ဆန်လက်လီအရောင်းဆိုင်များမှ သိရသည်။ ဆန်တစ်အိတ်ကို ‌ဈေးနှုန်းခေါက်ချိုးမြင့်တက်ခဲ့သော်လည်း ပြန်ကျစဉ် တစ်အိတ်ကို ထောင်ဂဏန်းမျှသာ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်တွင် ပြည်တွင်းဆန်ဈေးနှုန်းများမှာ တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်းဆန် ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်းဆန်အသစ်(ရှယ်) ကျပ် ၁၀၀,၀၀၀၊ ဖျာပုံပေါ်ဆန်းဆန် ကျပ် ၉၈,၀၀၀၊ ငစိန်ဆန် ကျပ် ၆၆,၀၀၀၊ ဧည့်မထဆန်(ဟောင်း) ကျပ် ၆၆,၀၀၀၊ ဆန်ကြမ်းဈေးနှုန်းများသည် အမျိုးအစားအလိုက် ကျပ် ၄၈,၀၀၀ မှ ၆၅,၀၀၀ ကြားအထိ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဆန်းစပါးကုန်စည်ဒိုင်(ဝါးတန်း)မှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *