၉. ၁၀. ၂၀၂၃
Written By Thandar
မာစတာသင်္ကြန် သီချင်းခွေကတဆင့် ပရိသတ်ဆီကို ရောက်ရှိလာတဲ့ အဆိုတော် မေသူကတော့ “ရုပ်သေးလိုလူ” သီချင်းလေးက ကိုယ့်ရဲ့ လက်တွေ့ဘဝမှာလည်း ရုပ်သေးလိုလူ ဖြစ်နေခဲ့ရတဲ့ ကာလတစ်ခုရှိခဲ့တာမို့ သီချင်းအဖြစ် ဖန်တီးထားတယ်လို့ ဆိုပါတယ်။
“ရုပ်သေးလိုလူ သီချင်းလေးက ညီမရဲ့ တိုက်ဆိုင်မှုရှိတဲ့ စာသားတွေပါတဲ့ သီချင်းပါ။ တကယ့်လက်တွေ့ မှာလည်း ရုပ်သေးလိုလူ ဖြစ်နေခဲ့ရတဲ့ ကာလတစ်ခုရှိခဲ့ပါတယ်။ ညီမအတွက်တော့ အသည်းကွဲတယ်ဆိုတာ မပျောက်နိုင်တဲ့ ရောဂါကို ဆေးမြီတိုနဲ့ ကုနေရသလိုပါပဲ။ ကိုယ်ရှိရဲ့သားနဲ့ နောက်တစ်ယောက် ထပ်ထားလို့ အသည်းကွဲခံပြီး ဆက်ချစ်နေတဲ့ မိန်းကလေး နေရာက ခံစားပြီး ဆိုထားတာပါ။ ဒီသီချင်းစာသားရော သံစဉ်ရောကလေ အသည်းကွဲတဲ့ ပရိသတ်တွေအနေနဲ့ တစ်ခါ လေး နားထောင်လိုက်တာနဲ့ တခုခုခံစားရမယ်လို့ ထင်ပါတယ်”လို့ အဆိုတော် မေသူက MTNews Entertainment ကို ပြောပါတယ်။
အဆိုပါ တေးသီချင်းကတော့ Pop အမျိုးအစားဖြစ်ပြီး အသည်းကွဲရသမျှကို တေးရေး အလင်းက ရေးသားပေးထားပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာ ရုပ်သေးလိုလူ သီချင်းရဲ့ Teaser တင်ပေးမှာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မှာတော့ Legacy Music Agency က ဖြန့်ချိမှာဖြစ်ပါတယ်။
“ ညီမရဲ့ ၃နှစ်အကြာမှ ဒီသီချင်းသစ်လေး ပြန်ထွက်လာတာပါ။ ကိုယ်တိုင်ခံစားချက်တွေနဲ့ မုဒ်ထည့်ပြီး ဆိုထားပါတယ်။ တိုက်ဆိုင်မှုရှိတဲ့ စာသားတွေပါတဲ့ သီချင်းပါ ရုပ်သေးလိုလူ သီချင်းကို နားထောင်ပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။
အဆိုတော် မေသူ ဟာ Solo Album အနေနဲ့ ၂၀၀၈ ခုနှစ်က “ဘယ်သူအရေးကြီးလဲ” သီချင်းခွေ၊ ၂၀၁၄ ခုနှစ်က “သာယာတဲ့ ကမ္ဘာ” သီချင်းခွေ ၊ ၂၀၂၀ ခုနှစ်က “အချစ်သင့် အချစ်ဒဏ်” album တွေကို ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။