October 19, 2024

◾️ အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးရန် အကူအညီတောင်းခံမှုများ ရှိနေ

၉. ၁၀. ၂၀၂၃
Written by Peya

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ပဲခူးမြို့သို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များ စေလွှတ်ထားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရကာ အရေးပေါ် ပြောင်းရွှေ့ပေးရန် အကူအညီ တောင်းခံမှုများ ရှိနေကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

အောက်တိုဘာလ ၈ ရက်မှ စတင်ကာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်မှုများဖြစ်ပွားသဖြင့် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးသင့် ပြည်သူများအား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-10-09_13-34-30-1024x507.jpg

အဆိုပါ ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသော နေရာများတွင် အချိန်နှင့် တစ်ပြေးညီကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွဲဖက်အင်အားဖြည့်ကာ ရေဘေးသင့်ပြည်သူများကို စွမ်းအားမြှင့်ကူညီဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များသည် ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/ စက်ပစ္စည်းကိရိယာများ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံး ဝတ်စုံပစ္စည်းကိရိယာ စုံလင်စွာဖြင့် စေလွှတ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-09_13-34-37-1024x768.jpg

“အခုကတော့ ရေက တက်နေတုန်းပါပဲ။ ကျွန်တော်တို့က ကျန်းမာရေးအရ သက်ကြီးရွယ်အိုတွေကို ရွှေ့ပြောင်းပေးတယ်။ ရွှေ့ပြောင်းလိုတဲ့ မိသားစုတွေကို ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတယ်။ အဓိက လိုအပ်နေတာက ကယ်ဆယ်ရေးစခန်းမှာ စားနပ်ရိက္ခာ၊ နောက်လိုအပ်တာက ရွှေ့ပြောင်းမှု၊ ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုပါ” ဟု ပဲခူးမြို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကရုဏာတွဲလက် လူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပဲခူးမြို့နယ်အတွင်း ဒီရေမြင့်တက်နေသည့်အတွက် ပြောင်းရွှေ့ပေးပါရန် အကူအညီ တောင်းခံမှုများလည်း ရှိနေကာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *