October 22, 2024

ယခင်မီတာများကို လူအင်အားသုံးပြီး လိုက်ကာ ဖတ်နေမှုကို တွေ့ရစဉ် (Photo YESC)

၁၁.၁၁.၂၀၂၂

Written by Thettant

ရန်ကုန်မြို့အတွင်း လက်ရှိအသုံးပြုနေသည့် မီတာများအစား AMI (Advanced Metering Infrastructure) မီတာများကို ရာနှုန်းပြည့်လဲလှယ်သွားမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

အဆိုပါ လဲလှယ်ရန် ဆောင်ရွက်မှုများကို နိုင်ငံတော်ဝန်ကြီးချုပ်၏ ရန်ကုန်မြို့အတွင်း AMI စနစ်သုံ;မီတာများ ရာနှုန်းပြည့် ပြောင်းလဲတပ်ဆင်နိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်ပြီး လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များတွင် လဲလှယ်ပြီးစီးလုနီးဖြစ်ကာ ပန်းဘဲတန်းနှင့် တောင်ဥက္ကလာပမြို့နယ်များတွင်လည်း လဲလှယ်ရန် ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။

လက်ရှိတွင် AMI မီတာများကို လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များတွင် ၆၂၉၀၅ လုံး လဲလှယ်ရမည်ဖြစ်ပြီး အောက်တိုဘာလအထိ လမ်းမတော်မြို့နယ်တွင် ၁၄၃၄၁ လုံး၊ လသာတွင် ၉၉၁၄ လုံး၊ ကျောက်တံတားတွင် ၁၂၄၆၆ လုံး၊ ပုဇွန်တောင်မြို့နယ်တွင် ၁၄၆၂၉ လုံး၊ ဗိုလ်တထောင်မြို့နယ်တွင် ၁၀၉၉၉ လုံး လဲလှယ်ခဲ့ကာ ၅၇၆ လုံး လဲလှယ်ရန် ကျန်ရှိနေသည်ဟုလည်း သိရသည်။

ထို့ပြင် ကော့မှူး၊ တံတား၊ သုံးခွ၊ ကိုကိုးကျွန်း၊ လှိုင်သာယာ အရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ သန်လျင်၊ ခရမ်း၊ လက်ခုပ်ကုန်း၊ အဖျောက်၊ ဒဂုံ မြို့သစ်တောင်ပိုင်း၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပုဇွန် တောင်၊ ဗိုလ်တထောင်နှင့် သာကေတမြို့နယ်များကို AMI စနစ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

“AMI မီတာတွေကို ရန်ကုန်အပြင် နေပြည်တော်ကောင်စီမြို့နယ်အားလုံးမှာ လဲလှယ်တပ်ဆင်သွားမှာဖြစ်သလို မန္တလေးမှာလည်း တပ်ဆင်နေပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ  Analog Meter များကို Digital Meter အဖြစ် လဲလှယ်တပ်ဆင်ရာတွင် အသုံးပြုထားသည့် မီတာ၏ အတွင်းအစိတ်အပိုင်းများ လုံးဝပြုပြင်ပြောင်းလဲရန် မလိုအပ်ဘဲ ပေါင်းစပ်အသုံးပြုနိုင်ခြင်း၊ နည်းပညာအခြေခံသည့် စနစ်ဖြစ်၍ ဝန်ထမ်း အင်အားအနည်းငယ်ဖြင့် ဆောင်ရွက်နိုင်ခြင်း၊ လူကြောင့်ဖြစ်သော မှားယွင်းမှုမရှိနိုင်ခြင်း၊ နေ့စဉ် ကောက်ခံရရှိငွေကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်၍ ငွေကြေးမသမာမှုနှင့် အလွဲသုံးစားပြုမှုမှ ကာကွယ်နိုင်ခြင်း၊ နည်းပညာကြောင့် မဟုတ်သော ဓာတ်အားလေလွင့်ဆုံးရှုံးမှုကို လျော့နည်းစေခြင်း၊ မှတ်တမ်းများ အထောက်အထားများ ထိန်းသိမ်းရန်အတွက် နေရာလိုအပ်မှုနှင့် ပျက်စီးဆုံးရှုံးမှုများ မရှိနိုင်ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ကိုက်ညီသော စာရင်းစစ် အစစ်ဆေးခံနိုင်သည့် သတ်မှတ်လျှပ်စစ်ပုံစံများ၊ စာရင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အလွယ်တကူရရှိနိုင်ခြင်း၊ စနစ်အတွင်းပါရှိသည့် Software များကို Myanmar Unicode (Pyidaungsu Font) ဖြင့် ရေးဆွဲထားသည့်အတွက် အသုံးပြုရန် လွယ်ကူခြင်း၊ ဓာတ်အားသုံးစွဲသူ သန်း ၁၀၀ အထိ အသုံး ပြုနိုင်စေရန် စီမံဆောင်ရွက်ထားသော စနစ်ဖြစ်ပြီး ဘဏ်များနှင့် ချိတ်ဆက်၍ ဓာတ်အားခ ပေးချေနိုင်သည့် Software များ ရေးဆွဲထားပြီးဖြစ်သည့်အတွက် အနာဂတ်ကာလများစွာအထိ အဆင်ပြေစွာ အသုံးပြု နိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *