October 19, 2024

၉. ၁၀. ၂၀၂၃
Written by Nyein Kyaw

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများ ရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI မှ သိရသည်။

ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်မှုမရှိသည့် လုပ်ငန်းရှင်များကို အရေးယူနေချိန်မှာပင် ပြည်ပပို့ကုန် များ ပိုမိုတိုးမြှင့်တင်ပို့နိုင်‌ရေးအတွက် ပို့ကုန်အမယ်အမျိုးမျိုးကို တရားဝင်တင်ပို့နေသော ပို့ကုန်လုပ်ငန်း ရှင်များအား အကျိုးခံစားခွင့် ပိုမိုရရှိစေရရှိနိုင်ရန် အထူးအခွင့်အရေးပေးမည့် အစီအစဉ်များကို ညှိနှိုင်း တိုင်ပင်ရေးဆွဲနေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“သူတို့အစိုးရအဖွဲ့မှာပေါ့နော် ဒီလိုမျိုးဆွေးနွေးနေတယ်ဆိုပြီးသိရလို့။ ပို့ကုန်လုပ်ငန်းရှင်တွေ သတင်းကြိုပေးထားတဲ့သဘောမျိုးနဲ့ ထုတ်ပြန်ပေးတာ။ အစိုးရအဖွဲ့မှာ သူတို့ဆွေးနွေးနေတဲ့ဟာကို ဒီကနေ သတင်း ကြိုပေးထားတဲ့သဘောပေါ့နော်။ ဘာတွေ၊ ဘယ်လိုအချက်တွေ ပါတယ်ဆိုတာကိုတော့ မသိသေးဘူး” ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာရှနိုင်ငံများသို့ တင်ပို့သည့်ကုန်ပစ္စည်းများ ၄၅ ရက်အတွင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့သည့် ကုန်ပစ္စည်းများ ရက်ပေါင်း ၉၀ အတွင်း ပို့ကုန်ရငွေများ မဖြစ်မနေပြန်လည် ဝင်ရောက်ရမည်ဖြစ်ပြီး ယခင်က အခွန်ရှောင်လိုသူများနှင့် လုပ်ငန်းရှင်အနည်းစုကသာ ပို့ကုန်ရငွေများ ပြန်လည်မဝင်ရောက်ခြင်းဖြစ်သည်။

သို့သော်လည်း ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်း (ယခင်က ၆၅ ရာခိုင်နှုန်း)အား ဗဟိုဘဏ်သတ်မှတ်နှုန်း တစ်‌ဒေါ်လာ လျှင် ကျပ် ၂,၁၀၀ ဖြင့် လဲလှယ်ရန် သတ်မှတ်ပြီးနောက်တွင် သတ်မှတ်နှုန်း ဖြင့် မရောင်းလိုသဖြင့် ပို့ကုန်ရငွေများ ပြန်လည်မပေးသွင်းသည့် လုပ်ငန်းရှင်များ ပို၍များလာခဲ့သည်။

ပို့ကုန်ရငွေများ ဝင်ရောက်မှုမရှိသည့် လုပ်ငန်းရှင်များအား ထပ်မံအကြောင်းကြားပြီးသည့်တိုင် နှစ်ပတ်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းမရှိပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် လိုင်စင်အား ပိတ်သိမ်းမည့်အပြင် နိုင်ငံခြားသုံးငွေစီမံခန့်မှုဥပဒေအရလည်း အရေးယူသွားမည်ဖြစ်ကြောင်း စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အောက်တိုဘာလ ၆ ရက်တွင် အသိပေးကြေညာထားသည်။

ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေခြင်းသည် ပို့ကုန်ရငွေ၏ ၅၀-၅၀ အချိုးသတ်မှတ်မှုအား ပြန်လည်ဖြေလျှော့ပေးလာနိုင်မည်လောဟု ပို့ကုန်လုပ်ငန်းရှင်များက မျှော်လင့်နေကြောင်း သိရသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ‌‌ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိရရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ဒေါ်လာသုံးဘီလျံ ပိုမိုရရှိမည်ဟု ခန့်မှန်းထားသည်။ ထို့အတူ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုခန့်မှန်းထားကြောင်း ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

Photo- UMFCCI

Leave a Reply

Your email address will not be published. Required fields are marked *