October 19, 2024

၉. ၁၀. ၂၀၂၃
Written by Nyein Kyaw

ပဲခူးတိုင်းဒေသကြီး၌ ၅၉ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် အမြန်လမ်းပိုင်းနှင့် ရထားလမ်းပိုင်းအချို့ ရေကြီးနစ်မြုပ်ခဲ့သဖြင့် လူစီးရထားများ ပြေးဆွဲမှုရပ်တန့်ခဲ့ရသော်လည်း ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်သို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲပေးနေကြောင်း အောင်မင်္ဂလာအဝေးပြေးရှိ ယာဉ်လိုင်းများမှ သိရသည်။

“မနက်ခင်း ၇ နာရီ၊ ၈ နာရီ၊ ၉ နာရီ၊ ၁၀ နာရီ၊ နေ့ခင်းက ၁၂ နာရီ၊ ၁ နာရီ၊ ၂ နာရီ၊ ည ၇ နာရီပါ။ ပုံမှန်အတိုင်း ပြေးဆွဲပေးနေပါတယ်။” ဟု ရန်ကုန်-နေပြည်တော်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အတူ ရန်ကုန်-မန္တလေး ခရီးစဉ်များကိုလည်း ပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိပြီး လက်မှတ်ခ နှုန်းထားများလည်း တိုးမြှင့်ကောက်ခံခြင်းမျိုးမရှိကြောင်း သိရသည်။

“ကျွန်တော်တို့တွေကတော့ မနက်ပိုင်းနဲ့ ညနေပိုင်းကို ပြေးဆွဲပါတယ်။ နေ့ခင်းပိုင်းကို မပြေးဆွဲတာက အခုမှရပ်ထားထားတာ မဟုတ်ဘူး။ အရင်ကတည်းက နေ့ခင်းပိုင်းက ကားမဆွဲတာ” ဟု ရန်ကုန်-မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း ၅၉ နှစ်တွင်း အမြင့်ဆုံး မိုးရေချိန်ဖြင့် ပဲခူးမြစ် ရေကြီးမှုကြောင့် ၃၉ မိုင် ဘောနက်ကြီး၊ ဘုရားလမ်း ရေကျော်နေ၍ ယာဉ်များ တစ်စီးချင်းဖြတ်သန်းနေရပြီး၊ ၃၄ မိုင် ရန်ကုန်-မန္တလေးလမ်း ရန်ကုန်ဘက်တံတားတစ်ဖက် အောက်ခြေမြေကျွံကာ အနည်းငယ်နိမ့်သွားသောကြောင့် ယာဉ်တစ်စီးချင်းလွှတ်ပေးနေရ‌ခြင်းဖြစ်သည်။

ထိုကြောင့် ရန်ကုန်-မန္တလေး ရထားလိုင်းပိုင်းနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတို့တွင် ရထားလမ်းများ ရေကျော်နေသဖြင့် လူစီးရထားခရီးစဉ်များ အောက်တိုဘာ ၈ ရက် (ယမန်နေ့)တွင် ကြားဘူတာများမှာပင် ရပ်ဆိုင်းခဲ့ရကြောင်းနှင့် ရန်ကုန်-မန္တလေးတိုမှ စတင်ထွက်ခွာမည့် အစုန်-အဆန် အမြန်ရထား ၄ စင်းတို့၏ ခရီးစဉ်များပါ ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

အောက်တိုဘာ ၅ ရက်မှ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ၈၈၀ စင်တီမီတာကျော်ကာ စိုးရိမ်ရေမှတ် ၉၇၀ စင်တီမီတာ အနီးသို့ ရောက်ရှိခဲ့သည်။ မြစ်ဝဲ/ယာရှိ မြေအနိမ့်ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်၊ ကျေးရွာပေါင်း ၄ ရွာ ရေကြီးနစ်မြုပ်ခဲ့သည်။ ၅၉ နှစ်အတွင်း အမြင့်ဆုံးမိုးရေချိန်ဖြစ်သည့် ၇ ဒသမ ၈၇ လက်မဖြင့် စံချိန်တင်ရွာသွန်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *