၈. ၁၀. ၂၀၂၃
Written by Phyo Wei
အနောက်အုပ်စုက ဘယ်လိုပဲ ပိတ်ဆို့ပိတ်ဆို့ ကိုယ့်နိုင်ငံအတွက်ပဲ စဉ်းစားတဲ့ ထိုင်းနိုင်ငံကတော့ သူတို့နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းမှာ ပါဝင်ပတ်သက်နေမှုကို သက်တမ်းတိုးမြှင့်ဖို့ ကြိုးပမ်းနေတဲ့ ဒီရက်သတ္တပတ်မှာပဲ လက်ရှိဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုက ဒေါ်လာ ၃၂ ဘီလျံရမယ်လို့ ခန့်မှန်းလာတဲ့ ဖြစ်စဉ်တွေ ရှိလာနေပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ ဒီဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၂၇၀၀ အသုံးပြုမယ်ဆိုတာ၊ အွန်လိုင်းစျေးရောင်းသူတွေကို မှတ်ပုံတင်ခိုင်းတာတွေ၊ မြန်မာစီးပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ကုန်စျေးနှုန်းလျှော့ချရေး ကြိုးပမ်းဖို့ တာဝန်ပေးတယ်ဆိုတာတွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဝိဝါဒမကွဲပြားသေးတဲ့ အနည်းဆုံးလုပ်အားခတိုးမြှင့်ပေးမှုအခြေအနေတွေ၊ ပို့ကုန်ရငွေဝင်မလာတဲ့လုပ်ငန်းရှင်တွေကို အရေးယူမဲ့အခြေအနေတွေနဲ့ ရည်ညွှန်းဆန်စျေးသတ်မှတ်ပေးရင်ရော ဆန်စျေးတကယ်ကျ လာမလားဆိုတာတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ဝိဝါဒ မကွဲသေးတဲ့ အနည်းဆုံးလုပ်အားခတိုးမြှင့်မှု
အောက်တိုဘာလကစပြီး နိုင်ငံ့ဝန်ထမ်းတွေကို ထောက်ပံ့ကြေး ၃၀၀၀၀ တိုးပေးတယ်လို့ ညွှန်ကြားချက်ထွက်လာအပြီးမှာပဲ အောက်တိုဘာ ၅ ရက် ရက်စွဲနဲ့ CMP စက်ရုံတွေက ဝန်ထမ်းတွေကို တစ်နေ့ ကျပ် ၁၀၀၀ ထောက်ပံ့ကြေးပေးဖို့နဲ့ အနည်းဆုံးလုပ်အားခကို ကျပ် ၅၈၀၀ သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဒီနေရာမှာ ထောက်ပံ့ကြေးဖို့ပြောတာကလည်း လုပ်သားအကုန်လုံးကို မဟုတ်သလို အနည်းဆုံး လုပ်အားခ ၅၈၀၀ တိုးတယ်ဆိုတာကလည်း CMP လုပ်သားတွေကို ပြောတာလိုလို အနည်းဆုံးလုပ်ခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကပဲ တစ်နိုင်ငံလုံးကို တပြေးညီသတ်မှတ်သလိုလိုဖြစ်နေတာပါ။
ဒီအခြေအနေအပေါ် လုပ်ငန်းရှင်တွေကလည်း CMP ပဲ တိုးပေးရမှာလိုလို၊ အကုန်လုံးပဲ လစာတိုးပေးရမှာလိုလို၊ ထောက်ပံ့ကြေးပေးခိုင်းတာလား၊ အနည်းဆုံးအခကြေးငွေကို ၄၈၀၀ ကနေ ၅၈၀၀ တိုးဖို့ပြောတာလားဆိုတာ မခွဲခြားနိုင်တဲ့အခြေအနေဖြစ်ကုန်တာပါ။ သေချာတာကတော့ အနည်းဆုံး အခကြေးငွေ ကျပ် ၅၈၀၀ တိုးရမယ်ဆိုရင် CMP တစ်ခုတည်းပေးလို့မရသလို ထောက်ပံ့ကြေး ၁၀၀၀ ကိုပဲ CMP သမားတွေကို ပေးရမယ်ဆိုရင်လည်း ကျန်တဲ့စက်ရုံလုပ်သားတွေ သာမန်ပြည်သူတွေကလည်း အိမ်လခအပါအဝင် စားဝတ်နေရေးကြီးမြင့်မှုဒဏ်ကို အောက်ဆုံးက လည်စင်းခံနေရတဲ့သူတွေမို့လို့ ကွက်ချန်ခဲ့လို့မရပါဘူးလို့ဘဲ ပြောရမှာပါ။
◾ ပို့ကုန်ရငွေဝင်မလာတဲ့လုပ်ငန်းရှင်တွေကို အရေးယူမဲ့အခြေအနေ
ပို့ကုန်ရငွေတွေကို အစိုးရကထက်ဝက်ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ ပြန်ဝင်ဖို့ပဲပြောခဲ့တဲ့ သာမန်အချိန်မှာတောင် ပို့ကုန်ရငွေတွေက ပြန်မဝင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ၆၅၊ ၃၅ နဲ့ ၅၀၊ ၅၀ ဆိုတဲ့ ကန့်သတ်ချက်တွေ ဗဟိုဘဏ်စျေးနဲ့ ဖြတ်တောက်နေတဲ့အခြေအနေတွေမှာတော့ ပို့ကုန်ရငွေတွေ ပြန်မဝင်တာက မဆန်းဘူးလို့ ပြောရမှာပါ။ ဟိုအရင်တစ်ချိန်တုန်းက ပို့ကုန်ရငွေတွေ ပြန်မဝင်တာက အခွန်မဆောင်ချင်တဲ့ သဘောသဘာ၀နဲ့ဖြစ်ပြီး လက်ရှိအချိန် ပို့ကုန်ရငွေတွေ ပြန်မဝင်တာကတော့ ဗဟိုဘဏ်ရည်ညွှန်းစျေး ၂၁၀၀ နဲ့ မရောင်းနိုင်တာကြောင့် မဝင်ကြတာပါ။
လက်ရှိမှာတော့ အစိုးရဘက်က ပို့ကုန်ရငွေပြန်မဝင်တဲ့လုပ်ငန်းရှင်တွေကို ကုန်သွယ်ရေးဦးစီးဌာနက အကြောင်း ကြားပြီးလို့ နှစ်ပတ်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းမရှိရင် ပိုကုန်/သွင်းကုန်လုပ်ငန်းရှင် လိုင်စင်ပိတ်သိမ်းမဲ့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်မှုဥပဒေ ၄၂ (က) အရလည်း အရေးယူမယ်လို့ ကြေညာလာပါတယ်။ ဟိုအရင်အချိန်တွေတုန်းကတော့ အစိုးရက ထိထိရောက်ရောက်အရေးမယူခဲ့တာကြောင့် အဆင်ပြေသလိုလုပ်ခဲ့ကြပေမဲ့လက်ရှိအချိန်မှာတော့ ထိထိရောက်ရောက်အရေးယူမယ်ဆိုရင် ပုဒ်မ ၄၂(က) ဟာ ငွေဒဏ်ရော ထောင်တစ်နှစ်ပါ ချနိုင်တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း လုပ်ငန်းရှင်တချို့ကို ပို့ကုန်ရငွေ ပြန်မဝင်မှုနဲ့ ဖမ်းဆီးစိစစ်တယ်ဆိုတာကြောင့် နယ်စပ်ဒေသက လုပ်ငန်းရှင်တွေ အိမ်နီးချင်းနိုင်ငံအချို့ကို တိမ်းရှောင်ကြရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးတာပါ။
◾ ရည်ညွှန်းဆန်စျေး သတ်မှတ်ပေးမှုက ဆန်စျေးတကယ်ကျမလား
ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းတို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းရွှေစျေးနှုန်းတွေ စျေးကွက်ထဲမှာ ထုတ်ပြန်ပေးပေမဲ့လည်း ပြင်ပပေါက်စျေးမှာတော့ သိတဲ့အတိုင်းပဲ ရည်ညွှန်းနှုန်းထက် ၅၀ ရာခိုင်နှုန်းလောက်ပိုများပြီး စျေးကစားတယ်ယူဆမှ ဖမ်းစစ်လိုက်။ ခဏနေ ပြန်ငြိမ်သွားလိုက်။ မေ့လောက်ချိန်မှာ စျေးပြန်ကစားလိုက်ဆိုတာ အားလုံးအမြင်ပါပဲ။ လက်ရှိမှာလည်း ပြည်တွင်းဆန်စျေး တည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ရည်ညွှန်းဆန်စျေးနှုန်း သတ်မှတ်မယ်လို့ ကြိုးပမ်းလာပါတယ်။
အစိုးရပါတဲ့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းတောင် သတ်မှတ်စည်းဘောင်မှာ မချုပ်ထားနိုင်တဲ့ နိုင်ငံတစ်ခုမှာ ပုဂ္ဂလိက အသင်းအဖွဲ့ရဲ့ ဆန်စျေးရည်ညွှန်းနှုန်းသတ်မှတ်တာကြောင့် စျေးကျနိုင်ခြေက အလွန်နည်းတယ် ပြောရမှာပါ။
ဒါပေမဲ့လည်း စပါးစျေး၊ ဆန်စျေး ရည်ညွှန်းနှုန်းကိုလည်း သတ်မှတ်၊ အစိုးရနဲ့ ပြည်သူကို ကျပ်တည်း ဒုက္ခတွေ့အောင် စပါးစျေး၊ ဆန်စျေး ဝယ်ယူစျေးကစားနေတဲ့ လက်ကြီးသမားတွေကိုလည်း ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ၊ အစိုးရကလည်း ဆန်နဲ့ စပါးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ပြီး စျေးကစားသူမှန်သမျှ ထိရောက်စွာ ထောင်ချအရေးယူနိုင်မှ အဆမတန်ကြီးမြင့်နေတဲ့ ဆန်စျေးတွေက ဖြစ်သင့်တဲ့နှုန်းထားတစ်ခုမှာ တည်ငြိမ်နေမှာဖြစ်ပြီး အဲဒီလိုမျိုး အစိုးရက စနစ်တကျ ဦးဆောင် ကြပ်မတ်မှုမရှိဘဲ ပုဂ္ဂလိက အသင်းအဖွဲ့ကပဲ ရည်ညွှန်းဆန်စျေးသတ်မှတ်နေရင်တော့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းတို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းရွှေစျေးနှုန်းတွေလိုပဲ သတ်မှတ်စျေးထက် ၅၀ ရာခိုင်နှုန်းအထက် စျေးများပြီး လူပြောစရာဖြစ် ပြည်သူ့ကျပ်တည်းမှု ပိုပေါ်လွင်မှုပဲ ဖြစ်နေမှာကို သတိချပ်ကြပါလို့ တင်ပြရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။