၈. ၁၀. ၂၀၂၃
Written by Nay Moe
သတင်းပေး၊ ဒလန်ဟုဆိုကာ သတ်ဖြတ်မှုများနှင့် လုပ်ကြံမှုများကြောင့် တစ်နေ့တာအတွင်း ဇနီးမောင်နှံနှစ်ဦးအပါအဝင် လူကိုးဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်များမှာ အောက်တိုဘာ ၅ ရက် နံနက် ၇ နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ကိုသန်းထိုက်အောင်(၃၄)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မနှင်းနှင်းဝေ(၂၁)နှစ်တို့ ၂ ဦးအား အဆိုပါနေအိမ်တိုက်ခန်းအတွင်း၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အမှုဖွင့်စစ်ဆေးနိုင်ရေး သေဆုံးသူများအား မြဝတီခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပြည်သာယာ ကျေးရွာအဝင်လမ်း အနောက်ဘက်၌ အမျိုးသား ၂ ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက် ၄၃ နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)အား လက်နောက်ပြန်ကြိုးတုပ်လျက် လည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာပါး၊ ယာရင်အုံ၊ ယာဒူးထိုးသွင်းဒဏ်ရာ ၃ ချက်ဖြင့်လည်းကောင်း၊ အသက် ၄၅ နှစ်ခန့်ရှိ အမျိုးသား ၁ ဦး (စိစစ်ဆဲ)အား လက်နောက်ပြန်ကြိုးတုပ်လျက် ဦးခေါင်းကြေမွဒဏ်ရာ ၁ ချက်၊ ယာနားအောက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်ဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အမှုဖွင့်စစ်ဆေးနိုင်ရေး သေဆုံးသူများအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
ထို့အတူ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မြင်းခြံမြို့နယ်၊ ပတ္တာကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းစပ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံ မြို့နယ်၊ သာပေါင်းကျေးရွာနေ ဦးနိုင်ဦး(၅၀)နှစ်သည် ဧရာဝတီမြစ်ဘက်သို့ ငါးဖမ်းရန် တစ်ဦးတည်း ထွက်ခွာသွားခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက လိုက်လံ ရှာဖွေခဲ့ရာ အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အမှုဖွင့်စစ်ဆေးနိုင်ရေး သေဆုံးသူအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ယင်းအပြင် မွန်းလွဲ ၁ နာရီခွဲတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ အထွက် ဖားပြင်ကျေးရွာဆိုင်းဘုတ်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးသွား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖားကန့်မြို့နယ်၊ မေှာ်ဝမ်း ရပ်ကွက်နေ ဦးစန်းမြင့်(၄၅)နှစ်သည် အဆိုပါနေရာ၌ ဆိုင်ကယ်ဖြင့် မုန့်မျိုးစုံရောင်းချနေစဉ် PDF ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး ဒလန်”ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းမြင့်တွင် ရင်ညွန့်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်တို့ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ်၊ မမုံကျေးရွာရှိ “ထွန်းဦး” ဆီဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်၊ ရတနာမြေစာပုံ အပိုင်း(၂)နေ ဦးချစ်ရဲထွန်း(၂၉)နှစ်သည် အဆိုပါဆီဆိုင်၌ ဆိုင်ကယ်ဆီဖြည့်ပြီး ပြန်အထွက်တွင် PDF ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး ဒလန်”ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးချစ်ရဲထွန်းတွင် ယာမျက်လုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ၊ လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ မေးစေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနည်းတူ ည ၆ နာရီ ၂၅ မိနစ်တွင် မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှထွန်း(၅၆)နှစ်သည် ၎င်း၏နေအိမ်ရှေ့စားပွဲခုံ၌ ထိုင်နေစဉ် KIA နှင့် PDF ၃ ဦး(စိစစ်ဆဲ)က AD Van မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးလှထွန်းတွင် ဝဲလက်ပြင်မှ ယာချိုင်းအောက် ကျည်ဖောက်ဝင်/ ထွက်ဒဏ်ရာ ၁ ချက်၊ ခါးဝဲဘက်မှ ဝဲဝမ်းဗိုက် ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်ရရှိကာ သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဥ်များအပြင် ည ၈ နာရီ ၄၅ မိနစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးတင်မောင်စိန်(၆၁)နှစ်သည် ၎င်း၏သမီးဖြစ်သူ ဒေါ်သာနှင်း(၃၅)နှစ်နှင့်အတူ ၎င်း၏နေအိမ် ဈေးဆိုင်၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဦးတင်မောင်စိန်တွင် ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်း နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်သာနှင်းတွင် ဝဲလက်မောင်းနှင့် ဝဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်တို့ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး စစ်တွေ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်