October 22, 2024

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်တစ်စီးကို တွေ့ရစဉ်

၁၁.၁၁.၂၀၂၂

Written By A Thaung

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) မှ ဖွင့်လှစ်သင်ကြားပေးသည့် (၂၆) ကြိမ်မြောက် YBS ယာဉ်ကြီးမောင်းအထူးမွမ်းမံသင်တန်းအတွက် သင်တန်းသားများခေါ်ယူနေကြောင်း YRTC အထွေထွေအတွင်းရေးမှူး ဦးလျန်ကျင့်မန်က MT News သို့ပြောသည်။

အဆိုပါသင်တန်းအတွက် သင်တန်းသားအရေအတွက် ၁၀၀ လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် သတ်မှတ်အရည်အချင်းပြည့်ဝသည့် သင်တန်းသားများကို စိစစ်လက်ခံနေကြောင်း ၎င်းကပြောသည်။

“လူဦးရေ တစ်ရာပြည့်ရင် ကျွန်တော်တို့က ဖွင့်တာ။ အခုက လူဦးရေနည်းလို့ရှိရင်လည်း သူက စရိတ်တွေမကိုက်ဘူးလေ။ တစ်ရာလောက်ပြည့်မှ ဖွင့်နိုင်တာကိုး။ အခုလည်း လူဦးရေတစ်ရာနားနီးတာနဲ့ စဖွင့်တာပဲ။ အခု YRTC ပြောင်းပြီးမှ သင်တန်းပြန်ဖွင့်တာ သုံးခါရှိသွားပြီ။ ဒီနှစ်ထဲမှာပဲ သုံးကြိမ်ဖွင့်ပြီးသွားပြီနော်” ဟု ၎င်းကပြောသည်။

အဆိုပါသင်တန်းသို့ တက်ရောက်ရန်အတွက် ခ ယာဉ်မောင်းလိုင်စင်သက်တမ်း သုံးနှစ်ရှိရမည်ဖြစ်ပြီး သင်တန်းကြေး ၁၅၀၀၀၀ သတ်မှတ်ထားကာ ဒီဇင်ဘာ ပထမအပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္ထူတစ်စောင်၊ ရပ်ကွက်ထောက်ခံစာယူဆောင်လာ၍ YRTC ရုံးချုပ် (ပို့ဆောင်ရေးဌာန-မြို့တွင်း)၊ အမှတ် ၆၅၊ လေးထောင့်ကန်လမ်းကြီး၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်တွင် လာရောက်စာရင်းပေးသွင်းရမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ယခင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTA) က ၂၂ ကြိမ်ဖွင့်လှစ်ခဲ့ ကာ ယခုပြင်ဆင်ဖွဲစည်းလိုက်သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) လက်ထက်တွင် ၃ ကြိမ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *