၆. ၁၀. ၂၀၂၃
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းလာခြင်းနှင့် ဒေါ်လာဈေးနှုန်း အနည်းငယ်သာ ပြောင်းလဲမှုရှိသဖြင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃၄ သိန်းအောက်သို့ ကျဆင်းလာခဲ့ပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၃၈၅,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ကြေးငွေ ကျပ် ၃၀,၀၀၀ ပေးမည်ဆိုသောကြောင့် ကျပ် ၃၅ သိန်းဝန်းကျင်သို့ ဆွဲတင်ခဲ့သည့် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေသည့်အပြင် ဒေါ်လာဈေးနှုန်း အနည်းငယ်သာပြောင်းလဲမှုရှိခဲ့သောကြောင့် အောက်တိုဘာ ၂ ရက်မှစတင်၍ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၆ ရက်(ယနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁,၈၂၁ ဒေါ်လာသို့ ကျဆင်းခဲ့သဖြင့် တစ်ပတ်ကျော်အတွင်း တစ်အောင်စကို ဒေါ်လာ ၅၀ ဝန်းကျင် ကျဆင်းခဲ့သည့်အပြင် ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၃၆၀ ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲမှုရှိခဲ့သည်။
ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ အောက်တိုဘာလ ၂ ရက်တွင် ရွှေဈေးနှုန်း ၃,၄၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၂၀ ကျပ်၊ အောက်တိုဘာလ ၃ ရက်တွင် ရွှေဈေးနှုန်း ၃,၄၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၃၀ ကျပ်၊ အောက်တိုဘာလ ၄ ရက်တွင် ရွှေဈေးနှုန်း ၃,၄၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၄၀ ကျပ်၊ အောက်တိုဘာလ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၄၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၉၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။