၇. ၁၀ ၂၀၂၃
Written by Ye Kyaw
ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းတင်ပို့ရန် လျာထားသော်လည်း ဘဏ္ဍာနှစ် ခြောက်လကုန်ဆုံးချိန်အထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၆၀,၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၂၁၀ ခန့်သာ ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၄၆၄,၁၅၇ တန်တင်ပို့မှုအနက် မေလတွင် တန်ချိန် ၁၁၀,၀၀၀ ကျော်အထိ အများဆုံးတင်ပို့ထားပြီး ဒေါ်လာသန်း ၅၀ ခန့် ရရှိထားခြင်းဖြစ်သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် လျာထားသည့်အတွက် ယခုအောက်တိုဘာမှစ၍ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလအတွင်း ဆန်တန်ချိန် ခြောက်သိန်းကျော်အထိ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေခြင်း၊ အယ်နီညိုရာသီဥတုနှင့် ကြုံရနိုင်သဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန် ဆောင်ရွက်နေမှုများကြောင့် ယခုနှစ်တွင် ပြည်ပဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် လျော့ကျလျက်ရှိသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာဆန်ဈေးနှုန်းမြင့်တက်နေသည့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိအောင်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။
“နိုင်ငံတကာဈေးတွေလည်း မြင့်တက်တယ်။ ပြည်တွင်းဈေးတွေလည်း မြင့်တက်တယ်။ ကျွန်တော်တို့ကလည်း အစိုးရနဲ့ ညှိနှိုင်းပြီးတော့မှ တတ်နိုင်သမျှ ပြည်တွင်းဖူလုံမှုနဲ့ ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ဦးစားပေးပြီးတော့ ပြည်ပတင်ပို့မှုကို တကယ်ကို ပိုလျှံတဲ့ ပြည်တွင်းဈေးကွက်ကို မထိခိုက်နိုင်တဲ့ အနေအထားမျိုးနဲ့သာ ကျွန်တော်တို့ တင်ပို့ခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။