October 19, 2024

ဘန်ကောက်မြို့ ဈေးဝယ်စင်တာပစ်ခတ်မှုတွင် သေဆုံးသူနှစ်ဦး၏မိသားစုများသို့ ထောက်ပံ့ လျော်ကြေးပေး

၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာ၌ အောက်တိုဘာ ၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် အသက် ၁၄ နှစ်ရှိ လူငယ်တစ်ဦး၏ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူနှစ်ဦး၏ မိသားစုများသို့ ထိုင်းအစိုးရနှင့် ဈေးဝယ်စင်တာပိုင်ရှင်များက လျော်ကြေးအဖြစ် ဘတ်ငွေ ၆ ဒသမ ၂ သန်း(ကျပ် သိန်း ၆၀၀၀ ခန့်) စီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လျော်ကြေးထောက်ပံ့ရာ၌ တစ်ဦးလျှင် ထိုင်းအစိုးရက ဘတ်ငွေ ၁ ဒသမ ၂ သန်းနှင့် ဈေးဝယ်စင်တာပိုင်ရှင်များကဘတ် ၅ သန်းစီ ထောက်ပံ့ခြင်းဟုသိရသည်။ ပစ်ခတ်မှုတွင် တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွားအမျိုးသမီးတစ်ဦးနှင့် ဘန်ကောက်မြို့တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ရသည်။

ထို့ပြင်ပစ်ခတ်မှု၌ ဒဏ်ရာရခဲ့သူများအတွက်လည်း ထိုင်းအစိုးရက ဘတ်ငွေ ၅၀,၀၀၀ နှင့် ဈေးဝယ်စင်တာပိုင်ရှင်များက ဘတ် ၃၀၀,၀၀၀ စီ၊ တစ်ဦးလျှင် ဘတ်ငွေ ၃၅၀,၀၀၀ စီ ထောက်ပံ့သွားမည်ဟု ခရီးသွားနှင့် အားကစားဆိုင်ရာဝန်ကြီး ဆူဒါဝန် က ပြောခဲ့သည်။

တရားရေးဝန်ကြီးဌာနကလည်း ပစ်ခတ်မှုတွင် သေဆုံးသူများအား ဝန်ကြီးဌာနက တစ်ဦးလျှင် ဘတ်ငွေ ၂၀၀,၀၀၀ စီ ထောက်ပံ့လျော်‌ကြေးပေးမည်ဟုပြောခဲ့သေးသည်။

သေဆုံးသူများ၏ ဆွေမျိုးမိသားစုများက အောက်တိုဘာလ ၄ ရက်၌ပင် သေဆုံးသူများ၏အလောင်းများကို အောက်တိုဘာ ၄ ရက်မွန်းလွဲပိုင်း၌ ရဲတပ်ဖွဲ့ဆေးရုံမှ လာရောက်ယူဆောင်ခဲ့ကြကြောင်းသိရသည်။ သို့သော် ၎င်းတို့က သတင်းထောက်များအားတစ်စုံတစ်ရာပြောကြားခြင်းမပြုခဲ့ကြပေ။ သေဆုံးပြီးနောက် အလောင်းခွဲစိတ်စစ်ဆေးချက်များအရ ကျည်တစ်ချက်က သေဆုံးသူမြန်မာအမျိုးသမီး၏ နှလုံးနှင့်အဆုတ်ကို ဖောက်ဝင်သွားခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆက် ဆပ်ဗီမောလ်က သေဆုံးသူမြန်မာအမျိုးသမီးအတွက် ခေါင်းသေတ္တာလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

မြန်မာအမျိုးသမီး၏အလုပ်ရှင်က သူမမှာ ထိုင်း၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားများကိုလည်း ကောင်းစွာပြောနိုင်ကာ ခင်မင်ဖွယ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ လစာဝင်ငွေကောင်းမွန်ပြီး မြန်မာနိုင်ငံရှိ မိဘများထံ လစဉ် ဘတ် ၁၀,၀၀၀(စင်ကာပူဒေါ်လာ ၃၇၀ ခန့်) ပေးပို့ထောက်ပံ့နေသူဟုသိရကြောင်း၊ မိမိအနေနှင့်လည်း သူမ၏မိဘများထံ လစဉ် ဘတ် ၁၀,၀၀၀ ပေးပို့သွားရန် ဆုံးဖြတ်ထားကြောင်း အောက်တိုဘာ လ ၄ ရက်က ပြောကြားခဲ့သည်။

Ref—- Thai PBS, Straits Times

Leave a Reply

Your email address will not be published. Required fields are marked *