October 18, 2024

၇. ၁၀. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် ပေါ့ပ်အဆိုရှင် တေလာဆွစ်ဖ်ဟာ စံချိန်ပေါင်းများစွာချိုးဖျက်ထားပြီး အခုနှစ် နွေရာသီကို လွှမ်းမိုးခဲ့တဲ့ သူမရဲ့ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ရုံတင်မပြသရသေးခင်မှာပဲ စံချိန်တွေချိုးနေခဲ့ပြီး အဲ့ဒီရုပ်ရှင်ရဲ့ ကြိုတင်လက်မှတ်ရောင်းချမှုဟာဆိုလည်း ကမ္ဘာတဝှမ်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရရှိနေပြီဖြစ်တယ်လို့ ရုပ်ရှင်တရားဝင် ဖြန့်ချိသူ AMC Theatres ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခုလို ရုပ်ရှင်ပြသဖို့ တစ်ပတ်လောက်လိုနေသေးတဲ့ အချိန်မှာ ကြိုတင်လက်မှတ်ရောင်းချမှုအားကောင်းနေတဲ့ တေလာဆွစ်ဖ်ရဲ့ “Eras Tour” ဖျော်ဖြေပွဲရုပ်ရှင်ဟာဆိုရင် အဆိုတော် ဂျက်စတင်ဘီဘာရဲ့ ဖျော်ဖြေပွဲရုပ်ရှင် “Never Say Never” ကို ကျော်ဖြတ်ကာ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ဖျော်ဖြေပွဲရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

တေလာဆွစ်ဖ်ရဲ့ “Eras Tour” ဖျော်ဖြေပွဲရုပ်ရှင်ကို ကြိုတင်လက်မှတ်ရောင်းချမှုအပြင် မြောက်အမေရိကမှာ ပွဲဦးထွက် ရုံတင်ရက်သတ္တပတ်အတွင်း ရုံတင်ငွေ ဒေါ်လာ သန်း ၁၀၀ အထိ ထပ်မံရရှိနိုင်မယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပြီး Barbie၊ The Super Mario Bros နဲ့ Spider-Man: Across the Spider-Verse အပါအဝင် ရုပ်ရှင်ငါးကားဟာ အခုနှစ်အတွင်း မြောက်အမေရိက ပွဲဦးထွက်မှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။

တေလာဆွစ်ဖ်ရဲ့ ကံကောင်းစေတဲ့ နံပါတ်နဲ့ ကိုက်ညီစေဖို့ စံချိန်ပေါင်းများစွာချိုးခဲ့တဲ့ သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် “Eras Tour” ရဲ့ရုပ်ရှင်ကို လာမယ့် အောက်တိုဘာ ၁၃ ရက်မှာ ရုပ်ရှင်ရုံတွေမှာ စတင်ပြသသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်က ရုပ်ရှင်ရုံပေါင်း ၈,၅၀၀ ကျော်မှာ ပြသမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref; Variety

Leave a Reply

Your email address will not be published. Required fields are marked *