၇. ၁၀. ၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ PT Power ဆီဆိုင်ရှေ့မှာ ယာဉ်လေးစီး ဆင့်တိုက်တဲ့ ဖြစ်စဥ် ဒီနေ့ အောက်တိုဘာ ၇ ရက် မနက် ၇ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်ကို သွားရောက်ကူညီတဲ့ ပုလဲ အရန် မီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။
ဖြစ်စဥ်က ထောက်ကြန့်ကနေ မြောက်ဥက္ကလာဘက် လားရာကို မောင်းနှင်လာတဲ့ ရွှေမန္တလာအဝေးပြေးယာဥ်က မိုးရွာနေချိန် ဘရိတ်မနိုင်ဖြစ်ပြီး စတင်တိုက်တာလို့ သိရပါတယ်။
“အဝေးပြေးယာဥ်ရဲ့အရှေ့က မောင်းနေတဲ့ Light truck က ဘရိတ်မှေးလိုက်တဲ့အချိန် သူ့နောက်မှာက အထည်ချုပ်စက်ရုံ ဒိုင်နာ ကပ်ပါတယ်။ အဲ့ဒီကားက ဘရိတ်မှေးလိုက်နိုင်ပေမယ့် အဝေးပြေးခရီးသည်တင်ယာဥ်က ဘရိတ်မနိုင်တော့ဘဲ ဖယ်ရီကို အရင်တိုက်တယ်။ အဲ့ဒီကမှ သူ့ရဲ့ ဆန့်ကျင်ဘက် လားရာကို ရောက်ရှိသွားပြီး တစ်ဖက်ယာဥ်ကြောကနေလာနေတဲ့ ပရိုဘောက်စ်ကို တိုက်မိတာ ပရိုဘောက်စ်ပေါ်က လူတွေသေတယ်။ ထိခိုက်ဒဏ်ရာရသူလဲ ဖယ်ရီပေါ်က များတယ်” လို့ ပုလဲ အရန်မီးသတ်မှ တာဝန်ရှိသူက MT News ကိုပြောပါတယ် ။
အဆိုပါယာဥ်တိုက်မှုကြောင့် ပရိုဘောက်တက္ကစီယာဉ်ပေါ်ပါလာသူ ခရီးသည် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ကလေးငယ်မိန်းခလေး ၁ ဦးအနက် အမျိုးသမီး ၂ ဦးမှာ နေရာတင်သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီး ၁ ဦးက ဆေးရုံအရောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ယာဥ်မောင်းအမျိုးသားက ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ပြီး ကလေးငယ်ကတော့ ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့ဘူးလို့ မြေပြင် မြေကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့ က ဆိုပါတယ်။
ဖယ်ရီကားပေါ် လိုက်ပါစီးနင်းလာသူ (ZKG အထည်ချုပ်စက်ရုံ) အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာတွေနဲ့ သေဆုံးသူတို့ကို မြောက်ဥက္ကလာမေဓာဝီဆေးရုံဆီ ပုလဲအရန်မီးသတ်တပ်ဖွဲ့ သူနာတင်ယာဥ် နိဗ္ဗာန်ယာဥ်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စီစဥ်ညွှန်ကြားမှုတွေအတိုင်း ကူညီဆောင်ရွက်ခဲ့ပြီးပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပုလဲ အရန်မီးသတ်တပ်ဖွဲ့