၆.၁၀.၂၀၂၃
Translated by Htwe Ko Tun
အောက်လွှတ်တော်ဥက္ကဋ္ဌ မက်ကာသီကို တာဝန်ကဖယ်ရှားခဲ့ကြပြီးတဲ့နောက် ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အစားထိုးတာဝန်ပေးရမယ့်ပုဂ္ဂိုလ်ကို ရှာဖွေနေကြချိန်မှာပဲ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တကယ်လို့များ လိုအပ်လာခဲ့ရင် သူ့အနေနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ယာယီတာဝန်ယူပေးနိုင်ပါကြောင်း တောင်းဆိုမှုတွေအပေါ် အောက်တိုဘာ ၅ ရက်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “တကယ်လို့များ သူတို့အနေနဲ့ ဒီနေရာအတွက် တစ်ယောက်ယောက်ကို လောလောဆယ်မှာ မဲခွဲဆုံးဖြတ်လို့မရခဲ့ရင် ရေရှည်အတွက် သူတို့တစ်ယောက်ယောက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အတည်ပြုရွေးချယ်ပြီးတဲ့အထိ ခေတ္တတာဝန်ယူပေးထားနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကွန်ဂရက်မှာလည်း မိတ်ဆွေတွေအများအပြားရှိတော့ ကျွန်တော့်အနေနဲ့ အောက်လွှတ်တော်မှာ စည်းလုံးညီညွတ်မှုရှိစေဖို့ ပြောကြားဆောင်ရွက်ပေးဖို့ပြောလာကြတယ်”လို့ Fox News Digital မီဒီယာနဲ့ အောက်တိုဘာ ၅ ရက်က တွေ့ဆုံရာမှာပြောခဲ့ပါတယ်။
ဒါ့ပြင် သူက “သူတို့က ကျွန်တော့်ကို ဒီတာဝန်ကို သူတို့နောက်ဆုံးအပြီးသတ်ရွေးပြီးတဲ့အထိ ပါတီအတွက် ခေတ္တတာဝန်ယူပေးဖို့ ပြောလာကြတာပဲ။ သူတို့နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မပြောသေးဘူး။ ကျွန်တော့ဘက်ကတော့ လိုအပ်လာရင် ခေတ္တ တာဝန်ယူပေးသွားမှာပါ” လို့ ပြောခဲ့ပါသေးတယ်။
ထရမ့်က သူ့ကို အဲဒီလို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ယာယီတာဝန်ယူပေးဖို့ ဘယ်သူကတောင်းဆိုခဲ့သလဲဆိုတာ အမည်ကိုတော့ မပြောခဲ့ပါဘူး။ ပါတီမှာ အများသဘောတူဆန္ဒနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်ကို လောလောဆယ်မရွေးနိုင်ခဲ့ရင် ဒီတာဝန်ကို ရက် ၃၀၊ ဒါမှမဟုတ် ရက် ၆၀၊ အလွန်ဆုံး ရက် ၉၀ လောက် ယာယီတာဝန်ယူပေးရတာပေါ့ဗျာလို့သာ ဆက်လက်ပြောခဲ့ပါတယ်။
လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ရန်ဘက်လို့တောင်ဆိုရမယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အခုလို ရီပတ်ဘလစ်ကန်တို့လွှမ်းမိုးတဲ့ အောက်လွှတ်တော်မှာ ဥက္ကဋ္ဌတာဝန်ယူပေးနိုင်ပါတယ်ဆိုတဲ့စကားက သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအတွက် ခြိမ်း ခြောက်မှုသဖွယ်ဖြစ်ခဲ့ရတယ်လို့ သုံးသပ်ကြပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းမက်ကာသီရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရလုပ်ငန်းယန္တရားတွေ ရပ်ရတော့မယ့်အန္တရာယ်က လွတ်မြောက်ခဲ့ရပြီးနောက်မှာ ယူကရိန်းကို အကူအညီတွေ ဆက်လက်ထောက်ပံ့နိုင်ဖို့ အောက်လွှတ်တော်မှာ မက်ကာသီအကူအညီနဲ့ စစ်ရေးအထောက်အပံ့ပေးရေး နောက်ဆက်တွဲဥပဒေမူကြမ်းတွေ အတည်ပြုသွားနိုင်ဖို့ မျှော်လင့်ထားတဲ့ ဂျိုးဘိုင်ဒန်အစိုးရအဖို့၊ မက်ကာသီ ဖယ်ရှားခံရမှုကြောင့် မျှော် လင့်ချက်တွေပျက်ပြားရသလို ဒီနေရာကို သမ္မတဟောင်းဒေါ်နယ်ထရမ့်သာ တာဝန်ယူခဲ့ရင် ပိုလို့တောင်ဆိုးဦးမှာပါ။
သို့သော်လည်း အောက်တိုဘာ ၅ ရက် ညဘက်မှာတော့ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အိုဟိုင်းအိုးပြည်နယ် ရီပတ်ဘလစ်ကန်အမတ် ဂျင်ဂျော်ဒန်ကို ထောက်ခံကြောင်း ပြောခဲ့ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဘလစ်ကန်ပါတီအတွင်း အောက်လွှတ်တော်ဥက္ကဋ္ဌပြုတ်တဲ့အထိ သဘောမတိုက်ဆိုင် စိတ်ဝမ်းကွဲမှုတွေက ဒီမိုကရက်အစိုးရကိုပါ လာရောက်ထိခိုက်နေပြီလို့ ပြောရမှာပါ။
Ref——– The Hill