၆.၁၀.၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က နှစ်နိုင်ငံကြားတင်းမာနေသော ဆက်ဆံရေးများပြန်လည်ကောင်းမွန်စေရန် နည်းလမ်းများရှာနေကြချိန်၌ အမေရိကန်သမ္မတ အိမ်ဖြူတော်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်တို့ နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၌ တွေ့ဆုံဆွေးနွေးကြရန် အစီအစဉ်များပြုလုပ်နေကြောင်း Washington Post သတင်းစာက အောက်တိုဘာလ ၅ ရက်တွင် ဖော်ပြရေးသားခဲ့သည်။
ကမ္ဘာပေါ်တွင် စီးပွားရေးအရ အင်အားအကြီးဆုံးနိုင်ငံနှစ်နိုင်ငံ၏ ဆက်ဆံရေးများက လွန်ခဲ့သောနှစ်များအတွင်းတွင် တိုင်ဝမ်ကျွန်းကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားမှုများ၊ သူလျှိူပြုလုပ်သည်ဟု စွပ်စွဲချက်များနှင့် ကုန်သွယ်ရေးအတား အဆီးများအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် တင်းမာခဲ့ရသည်။
Washington Post သတင်းစာက အမည်မဖော်ပြသော အမေရိကန်အစိုးရအဆင့်မြင့်အရာရှိကြီးများ၏ ပြောကြားချက်များကို ကိုးကား၍ သတင်းဖော်ပြခဲ့ရာ၌ ၎င်းတို့အနက်တစ်ဦးက ခေါင်းဆောင်နှစ်ဦး၏ဆွေးနွေးပွဲဖြစ်နိုင်ခြေမှာ အတော် အတန် အတည်ပြုပြီးပြီဟု ပြောခဲ့ကြောင်း ဆိုခဲ့သည်။ ထိုအရာရှိကြီးက ဆွေးနွေးပွဲပြုလုပ်ရေးလုပ်ငန်းစဉ်ကို စတင်ဆောင် ရွက်နေပြီဟုပြောခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်ရှိ အမေရိကန်သံရုံးကမူ ထိုသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာဝေဖန်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။ သံရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးက နှစ်နိုင်ငံဆက်သွယ်မှုရှိနေပြီး ယုံကြည်သစ္စာရှိသည့်ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း အီးမေးလ်ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။ အလားတူပင် အိမ်ဖြူတော်ကလည်း ထိုသတင်းအပေါ် တစ်စုံ တစ်ရာ ဝေဖန်ပြောကြားမှုမပြုခဲ့ပေ။
ဤသို့ သမ္မတနှစ်ဦးတွေ့ဆုံရန်စီစဉ်နေခြင်းမတိုင်မီ နှစ်နိုင်ငံကြား အဆင့်မြင့်အစိုးရနိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇွန်လတွင်လည်းကောင်း၊ ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ရယ်လင်က ဇူလိုင်လတွင်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရေမွန်ဒိုက ဩဂုတ်လတွင်လည်းကောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ မကြာသေးမီကမူ ဘလင်ကန်က တရုတ်ဒုတိယသမ္မတ ဟန်ကျင်းကို နယူးယော့ခ်မြို့တွင်တွေ့ဆုံခဲ့ကာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလီဗန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို မော်လ်တာနိုင်ငံတွင်တွေ့ဆုံခဲ့သည်။
နိုဝင်ဘာလအတွင်း ဆန်ဖရန်စစ္စကိုမြို့၌ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပက်) ၏ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပသွားရန်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမ္မတ ရှီကျင့်ဖိန်လည်း တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။
Ref—–CNA