
၆. ၁၀. ၂၀၂၃
Written by Nay Moe
သထုံနှင့် မုံရွာမြို့နယ်တွင် အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF များက သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်များမှာ အောက်တိုဘာ ၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ အငြိမ်းစားတပ်မတော်အရာရှိ ဦးဝင်းနောင်(၅၄)နှစ်သည် ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ထားသော ကုန်စုံ ဆိုင်၌ ဈေးရောင်းနေစဉ် PDF အင်အား ၃ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းနောင်တွင် ဝဲနားထင်/ယာပါးကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သော ဦးအေးမြတ် (၅၁)နှစ်သည် အဆိုပါရပ်ကွက်ရှိ စုပေါင်းရုံးမှ ၎င်းပိုင်ယာဉ်အမှတ် 7I/18.. HONDA FIT ခဲရောင်ယာဉ်ဖြင့် ပြည်ထောင်စုလမ်းအတိုင်း တစ်ဦးတည်းမောင်းနှင်လာစဉ် ဘိုးဘွားရိပ်သာအဝိုင်းအကျော် “ရွှေသိန်း”အင်ဂျင်ဝိုင်ရောင်းဝယ်ရေးဆိုင်အနီးအရောက် လမ်း၏ယာဘက်ခြမ်းမှ အသင့်စောင့်ဆိုင်း နေသည့် PDF ၃ ဦး(စိစစ်ဆဲ)က သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးအေးမြတ်တွင် ယာချိုစောင်း/ကျောကုန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် ဩဂုတ်လအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၃၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။