October 18, 2024

◾ အာရှအားကစားပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးနှစ်ခုဖြင့် နိုင်ငံအဆင့်ဆုရရှိမှု အဆင့် ၂၇ တွင် ဆက်လက်ရပ်တည်

MT News
၆. ၁၀. ၂၀၂၃

ဒီနေ့မနက်က ကျင်းပတဲ့ အမျိုးသား မီတာ (၁၀၀၀) ၁၂ တက်လှော်နဂါးလှေပြိုင်ပွဲမှာ မြန်မာအသင်း တတိယဆု ဆွတ်ခူးရရှိခဲ့ပြီး အာရှအားကစားပြိုင်ပွဲမှာ ရွှေတစ်ခု၊ ကြေးနှစ်ခုနဲ့ နိုင်ငံအဆင့်ဆုရရှိမှု အဆင့် ၂၇ မှာ ဆက်လက်ရပ်တည်နေပါတယ်။

အောက်တိုဘာ ၄ ရက်က ယှဥ်ပြိုင်တဲ့ အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းက အင်ဒိုနီးရှားကို နှစ်ပွဲပြတ်နဲ့အနိုင်ယူပြီး ရွှေဆုရခဲ့သလို အောက်တိုဘာ ၅ ရက်မနက်မှာကျင်းပတဲ့ အမျိုးသမီး မီတာ ၅၀၀ နဂါးလှေပြိုင်ပွဲမှာ တရုတ်က ပထမ၊ အင်ဒိုနီးရှားက ဒုတိယနဲ့ မြန်မာအသင်းက တတိယရလာခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၆ ရက်မှာ အမျိုးသားမီတာ (၁၀၀၀) ၁၂ တက်လှော် နဂါးလှေပြိုင်ပွဲမှာ အင်ဒိုနီးရှားက ရွှေ၊ တရုတ်က ငွေနဲ့ မြန်မာက ကြေးဆုရပြီး နိုင်ငံအလိုက်အဆင့် ၂၇ မှာ ဆက်လက်ရပ်တည်နေတာပါ။

တရုတ်နိုင်ငံမှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ အောက်တိုဘာ ၆ ရက်မနက်အထိ ဆုဆွတ်ခူးမှုတွေမှာ အိမ်ရှင်တရုတ်က ရွှေ ၁၈၁ ခု ဆုတံဆိပ်ရရှိမှုပေါင်း ၃၃၈ ခုနဲ့ ဆုတံဆိပ်ဇယားကို ထိပ်ဆုံးက ဦးဆောင်နေပြီး ဂျပန်က ရွှေ ၄၄ ခု စုစုပေါင်း ဆုတံဆိပ် ၁၅၉ နဲ့ဒုတိယနေရာ၊ တောင်ကိုရီးယားက ရွှေ ၃၄ ခု စုစုပေါင်းဆုတံဆိပ် ၁၅၉ ခုနဲ့ တတိယ၊ အိန္ဒိယနိုင်ငံက ရွှေ ၂၁ ခု စုစုပေါင်း ဆုတံဆိပ် ၈၇ ခုနဲ့ စတုတ္ထနေရာရပ်တည်နေပြီး ဥဇဘက်ကစ္စတန်ကတော့ ရွှေ ၁၉ ခု စုစုပေါင်းဆုတံဆိပ် ၆၀ နဲ့ ပဥ္စမနေရာရပ်တည်နေပါတယ်။

၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်ကို အာရှအိုလံပစ်ကော်မတီဝင် ၄၅ နိုင်ငံဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံ ၄၀ ဟာ အနည်းဆုံးကြေးဆုတစ်ဆုရရှိထားပြီး ဘာဆုမှမရသေးတဲ့နိုင်ငံကလည်း ၅ နိုင်ငံရှိနေပါတယ်။

စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိကျင်းပမဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ အမျိုးသား ဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports၊ မြားပစ်နဲ့ ပိုက်ကျော်ခြင်း အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *