၆.၁၀.၂၀၂၃
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံ၊ ဟုမ်းပြည်နယ်အတွင်း ဆီးရီးယားစစ်တပ်၏ စစ်ကောလိပ်တစ်ခု၌ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်နေစဉ် အောက်တိုဘာ ၅ ရက်က မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံခဲ့ရရာ အနည်းဆုံး လူ ၁၀၀ ဦးသေဆုံးပြီး ၂၄၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ဆီးရီးယားအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆီးရီးယားလူ့အခွင့်အရေးလေ့လာရေးအဖွဲ့ကလည်း ထိုတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး ၁၂၅ ဦးဒဏ်ရာရခဲ့ကြောင်း ပြောခဲ့သည်။ ဆီးရီးယားအစိုးရကိုထောက်ခံမှုပြုနေသော တာဝန်ရှိသူတစ်ဦးကလည်း သေဆုံးသူ ၁၀၀ ဦးခန့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီး ဟတ်ဆန်အယ်လ်-ဂါဘက်ရှ်က အဆိုပါတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူဦးရေ ၈၀ ဦးခန့်ရှိကာ ကလေးခြောက်ဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူများမှာ ၂၄၀ ဦးခန့်ရှိပြီး အချို့မှာပြင်းထန်သောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ရုပ်မြင်သံကြားတွင် ပြောခဲ့သည်။
တိုက်ခိုက်မှုကို မည်သူကပြုလုပ်သည်ဆိုခြင်းကို လောလောဆယ် ပြောကြားချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးပေ။
ဆီးရီးယားစစ်ဖက်က အောက်တိုဘာလ ၅ ရက်ကကျင်းပနေသော စစ်ကျောင်းဆင်းပွဲအခမ်းအနားပြီးလုနီးအချိန်တွင် ၎င်းကိုပစ်မှတ်ထား၍ ပေါက်ကွဲစေနိုင်သော ပစ္စည်းများစွာကို မောင်းသူမဲ့လေယာဉ်များပေါ်မှ လွှတ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံတကာတပ်ဖွဲ့များက အထောက်အကူပေးထားသော လက်နက်ကိုင်တပ်ဖွဲ့များက တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း အစောပိုင်းကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ဆီးရီးယားကာကွယ်ရေးဝန်ကြီးက ထိုအခမ်းအနားသို့တက်ရောက်ခဲ့သော်လည်း တိုက်ခိုက်မှုမပြုမီ မိနစ်ပိုင်းအလိုတွင် ပြန် လည်ထွက်ခွာခဲ့သောကြောင့် တိုက်ခိုက်မှုမှလွတ်မြောက်သွားခဲ့ကြောင်းလည်း သိရသည်။
အခမ်းအနားပြင်ဆင်မှုများအတွက် ကူညီပေးခဲ့သူတစ်ဦးက “အခမ်းအနားပြီးလို့ လူတွေက ပြန်ပြီး ထွက်ခွာနေကြတဲ့အချိန်မှာ ဗုံးတွေကျလာပြီး ပေါက်ကွဲခဲ့တာပဲ။ ကျွန်တော်တို့လည်း ရုတ်တရက် ဗုံးတွေ ဘယ်ကရောက်လာကြမှန်းမသိဘူး။ သေဆုံးသူတွေ အလောင်းတွေဆိုတာ ဝင်းထဲမှာပြန့်ကျဲသွားတယ်” ဟု ပြောခဲ့သည်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ထိုတိုက်ခိုက်မှုကို အကြမ်းဖက်အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဟု ပြောခဲ့သော်လည်း မည်သည့်အဖွဲ့ဟု အတိအကျ ပြောကြားခြင်းမရှိကြောင်း သိရသည်။
Ref—–Al Jazeera