၆. ၁၀. ၂၀၂၃
Written by Tha Doe
မြောက်ဒဂုံမြို့နယ်တွင် လျှပ်စစ် EV ယာဥ်တစ်စီး အားသွင်းစဥ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားကာ တစ်စီးလုံးလောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၅ ရက် ည ၁၁ နာရီ ၁၀ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၃၁ ရပ်ကွက်၊ သခင်ဗစိန်လမ်း၊ တိုက်အမှတ် ၂၂ တွင် ကားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၁၄ မိနစ် အချိန်တွင် မီးငြိမ်းခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုဖြစ်စဥ်တွင် လောင်ကျွမ်းသည့် EV ယာဥ်မှာ တရုတ်နိုင်ငံက တင်သွင်းကာ ပြည်တွင်းကုမ္ပဏီမှ ရောင်းချပေးသည့် KSD EV ယာဥ်ဖြစ်ပြီး နောက်ဆုံးပေါ်နံပါတ် 3S/668- ဖြင့် ဖြစ်ကာ မီးလောင်မှုမှာ အားသွင်းထားစဥ်လောင်ကျွမ်းပေါက်ကွဲခြင်းဖြစ်ကြောင်း ကနဦး သိရသည်။
“ည ၁၁ နာရီလောက်မှာ အိမ်အောက် အားသွင်းထားတုန်း မီးထလောင်တာပေါ့။ မီးတောက်က ပေ ၂၀ လောက်အထိ တက်လာတာ။ လူတွေလည်းထွက်ပြေး၊ ကားတွေလည်းမောင်းပြေး၊ ရှိတဲ့ရေနဲ့ ဝိုင်းငြှိမ်းပေမဲ့ မရဘူးလေ။ မီးသတ်ကို အကြောင်းကြားတော့ ၁၀ မိနစ်လောက်နေတော့ ရောက်လာပြီး ဝိုင်းငြှိမ်းမှငြိမ်းပေမဲ့ ကားတစ်စီးလုံးတော့ ကုန်သွားတာပေါ့။ အပေါ်က ဓာတ်ကြိုးတွေလည်း မီးလောင်သွားတယ်။ သစ်ပင်တွေလည်း မီးတွေဟပ်ပေါ့။ မီးလောင်တာကတော့ တော်တော့်ကို မီးရှိန်ပြင်းတယ်” ဟု မြောက်ဒဂုံ ၃၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက MT News ကို ပြောသည်။
ပုံစာ။ EV ယာဥ် မီးလောင်နေမှုမြင်ကွင်း (Photo – MFSD & CJ)