၆. ၁၀. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်း ဆန်လက်လီဈေးကွက်တွင် ဆန်ဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာပြီး ဆန်အမျိုးအစားအလိုက် တစ်ပြည်လျှင် ကျပ် ၂၀၀ ဝန်းကျင်နှင့် တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း ဆန်လက်လီအရောင်းဆိုင်များမှ သိရသည်။
“အရင်က ရွှေဘိုထူးထူးရှယ်က တစ်ပြည် ၇၂၀၀ ရှိတာ။ အခုဆိုရင် ၇၀၀၀ ကိုကျသွားတယ်။ ကျပ် ၃၀၀၀ ကျော်ဆန်တွေက ကျပ် ၃၀၀၀ အောက်ကိုကျလာတယ်။ အဓိကဆန်ကြမ်းဈေး ပိုကျတယ်။ တစ်ပြည်ကို ၂၀၀ နဲ့ ၃၀၀ ပဲကျတယ်ဆိုပေမဲ့ အိတ်လိုက်ဆို ၅၀၀၀ ပတ်ချာလည်လောက် ကျသွားတာပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားဈေးအတွင်း ဆန်လက်လီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ပြည်တွင်းဆန်ဈေးသည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ဒေါ်လာဈေးမြင့်တက်လာမှုနှင့် ငွေစက္ကူ ကျပ် ၂၀၀၀၀ တန် ထုတ်ဝေမည်ဆိုသည့် သတင်းများကြောင့် ယခင်အမြင့်ဈေးနှုန်းများထက်ပင် ထပ်မံမြင့်တက်လာခဲ့သည်။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆန်ကြမ်းဈေးနှုန်း တစ်အိတ် ကျပ် ၃၀,၀၀၀ အောက်နှင့် ရွှေဘိုပေါ်ဆန်း ကျပ် ၇၀,၀၀၀ ဝန်းကျင်သာရှိခဲ့ရာမှ နှစ်နှစ်အတွင်း ဆန်ကြမ်းတစ်အိတ် ကျပ် ၆၀,၀၀၀ မှ ၇၀,၀၀၀ ကြားနှင့် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၁၆၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဆန်စပါးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ၂၀၂၃ ခုနှစ် မိုးစပါးများအတွက် ရည်ညွှန်းစပါးဈေးနှုန်းများ သတ်မှတ်ခဲ့ပြီး ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧည့်မထ/ငစိန် စပါးတင်း ၁၀၀ ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်းသာ ရောင်းချရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်တွင်း ဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရန် တောင်သူများအတွက် စပါးဈေးနှုန်းကို ရည်ညွှန်းဈေးနှုန်း သတ်မှတ်သကဲ့သို့ ဆန်ဈေးနှုန်းများကိုလည်း ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
စက်တင်ဘာလ ၅ ရက်တွင် ပြည်တွင်းဆန်ဈေးနှုန်းများမှာ တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်းဆန် ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်းဆန်အသစ်(ရှယ်) ကျပ် ၁၀၀,၀၀၀၊ ဖျာပုံပေါ်ဆန်းဆန် ကျပ် ၉၈,၀၀၀၊ ငစိန်ဆန် ကျပ် ၆၅,၀၀၊ ဧည့်မထဆန်(ဟောင်း) ကျပ် ၆၆,၀၀၀၊ ဆန်ကြမ်းဈေးနှုန်းများသည် ကျပ် ၅၈,၀၀၀ မှ ၆၅,၀၀၀ ကြားရှိကြောင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။