MT News
Written by Nay Aung
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများအနက် အင်တာနက်မြန်နှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်နေကြောင်း အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာအင်တာနက် စမ်းသပ်အကဲဖြတ်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookal ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။
ကမ္ဘာ့အဆင့် အင်တာနက်မြန်နှုန်းသတ်မှတ်သော အမေရိကန်နိုင်ငံ အခြေစိုက် Ookal သည် Speedtest ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုင်ငံအလိုက် အင်တာနက်မြန်နှုန်း ထုတ်ပြန်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။ Ookal အဖွဲ့သည် ကမ္ဘာနိုင်ငံများ၏ အင်တာနက်မြန်နှုန်းကို အဆင့်သတ်မှတ်ဖော်ပြရာတွင် Mobile နှင့် Fixed Broadband ဟု နှစ်မျိုးခွဲခြားကာဖော်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် Mobile နှင့်ပတ်သက်၍ အင်တာနက်မြန်နှုန်း အဆင့်သတ်မှတ်ရာတွင် ကမ္ဘာ့အဆင့် ၁၀၃ တွင်ရှိနေကာ Downloading Speed က ၂၂ ဒသမ ၆၈ Mbps သာ ရှိနေသည်။
အဆိုပါအဖွဲ့အစည်းသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ ဒေသပေါင်း ၁၄၅ ခု၏ Mobile နှင့်ပတ်သက်သော အင်တာနက်မြန်နှုန်းကို လေ့လာစောင့်ကြည့်ပြီးနောက် အဆင့်သတ်မှတ်ပေးခဲ့သည်။ Mobile နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ Downloading Speed သည် အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်နေကြောင်းသိရသည်။
အာဆီယံဒေသတွင်းနိုင်ငံများအနက် Mobile နှင့်ပတ်သက်ပြီး Downloading Speed အမြန်ဆုံး ထိပ်ဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့က ရပ်တည်နေပြီး အင်ဒိုနီးရှား၊ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့က အောက်ဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေသည်။
အဆိုပါအဖွဲ့သည် ဖိုက်ဘာကွန်ရက်ဝန်ဆောင်မှုပေးနေသော Fixed Broadband နှင့်ပတ်သက်ပြီး အင်တာနက် မြန်နှုန်းကိုလည်း ကမ္ဘာ့အဆင့်သတ်မှတ်ဖော်ပြခဲ့ရာမြန်မာနိုင်ငံက ကမ္ဘာအဆင့် ၁၃၉ တွင်ရပ်တည်နေပြီး Fixed Broadband နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ Downloading Speed က ၁၉ ဒသမ ၅၆ Mbpsသာ ရှိနေကြောင်း သိရသည်။
Ookalအဖွဲ့သည် Fixed Broadband နှင့်ပတ်သက်ပြီး ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ ဒေသပေါင်း ၁၈၂ ခု၏ အင်တာနက် Downloading Speed ကို လေ့လာစောင့်ကြည့်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။Fixed Broadband နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အင်တာနက်မြန်နှုန်းသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်နေပြီး စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့က ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။
စင်ကာပူနှင့်ထိုင်းတို့သည် Fixed Broadband နှင့်ပတ်သက်ပြီး အင်တာနက်မြန်နှုန်းအဆင့်သတ်မှတ်ချက်တွင် ကမ္ဘာထိပ်ဆုံး ၅ နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိနေကာ စင်ကာပူ၏ Download Speed က ၂၅၄ ဒသမ ၆၅ Mbps ရှိနေသလို ထိုင်းနိုင်ငံ၏ Download Speed က ၂၁၂ ဒသမ ၆၈ Mbps ရှိနေကြောင်း သိရသည်။
Ref; Ookal speedtest