October 19, 2024

၅. ၁၀. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်း ဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရန် တောင်သူများအတွက် စပါးဈေးနှုန်းကို ရည်ညွှန်းဈေးနှုန်း သတ်မှတ်သကဲ့သို့ ဆန်ဈေးနှုန်းများကိုလည်း ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်မှုကို ပျက်ပြားအောင် မသင့်လျှော်သည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်နေသူများ ၏အန္တရာယ်မှ လျော့နည်းသွားစေရန်နှင့် ၎င်းတို့ကိုစောင့်ကြည့်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“တောင်သူတွေအတွက် ရည်ညွှန်းဈေးတွေ သတ်မှတ်သလို ပြီးရင်ဆန်ဈေးတွေကို ရည်ညွှန်းဈေးတွေသတ်မှတ်ပြီး ရောင်း ချတဲ့အနေအထားမျိုးကိုလည်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ စည်းကမ်းလိုက်နာတဲ့သူရှိသလို မလိုက်နာတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သမျှကြိုးစားပြီး ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် စပါးဈေးနှုန်းများသည် တောင်သူများလက်ဝယ် စပါးမရှိတော့သည့်အချိန်မှ ပြည်တွင်းစားဆန် ဈေးနှုန်းများကို မြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ မူမမှန်သည့် ရောင်းဝယ်မှုပုံစံမျိုးဖြင့် ဝင်ရောက်ဈေးကစားနေမှုများရှိနေ၍ ထိုက်သင့်သည့်အရေးယူမှုများ ဆောင်ရွက်သွားနိုင်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်တွင်း ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရန် လက်ရှိ ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ပေါ်ထွက်လာမည့် မိုးစပါးများအပေါ် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဧည့်မထ/ငစိန် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်းနှင့် ဧရာမင်း/ ဧရာပဒေသာစပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း သတ်မှတ်ကြောင်း စက်တင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

သို့‌သော်လည်း တောင်သူများလက်ထဲ စပါးမရှိသေးသည့်အချိန်တွင် ကျပ် ၁၆ သိန်းအထိ ဖြစ်ပေါ်ခဲ့သည့် ဆန်ကြမ်းအမျိုးအစား စပါးဈေးနှုန်းသည် ယခုမိုးစပါးပေါ်ချိန်တွင် သိုလှောင်မှုအခက်အခဲကြောင့်ဟုဆိုကာ ဝယ်ယူသူမရှိတော့ဘဲ သတ် မှတ်ရည်ညွှန်းဈေး အနည်းဆုံးဖြစ်သည့် ကျပ် ၁၃ သိန်းအောက်သို့ ထိုးကျသွားခဲ့သည်။

ဆန်စပါးပေါ်ချိန်တွင် ကုန်သည်၊ ပွဲစားများက ဝယ်ယူလေ့မရှိဘဲ ဈေးနှိမ်ကာ တောင်သူများလက်တွင် စပါးမရှိချိန်မှ ဈေးကစား၍ ဈေးနှုန်းဆွဲတင်ပြီး စပါးဈေးမြင့်တက်ခြင်းကြောင့်ဟု အကြောင်းပြကာ ပြည်တွင်းဆန်ဈေးနှုန်းများကို ဆွဲတင်နေမှုဒဏ်ကို မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရပြီး ယခု ၂၀၂၃ ခုနှစ်တွင် ပုံမှန်မဟုတ်သည့် ဆန်စပါးဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း စပါးဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဆန်ဈေးနှုန်းကြီးမြင့်ခြင်းများ၏ နောက်ကွယ်တွင် တောင်သူလည်းအကျိုးမရှိ၊ ပြည်သူများလည်းအကျိုးမရှိသည့်အပြင် ပြည်တွင်း ဆန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုသာ ခါးစည်းခံစားနေရခြင်းလည်းဖြစ် သည်။

“သိုလှောင်မှုကို ထိုက်သင့်သလောက် ထိန်းကျောင်းပြီး စီမံခန့်ခွဲ‌ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်ပြောသလိုပဲ မသင့်လျော်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန်စပါးဈေးကွက် တည်ငြိမ်မှုကို ပျက်ပြားအောင်ဆောင်ရွက်ချင်တဲ့သူတွေရဲ့ အန္တရာယ်ကနေ လျော့နည်းသွားမှာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *