October 19, 2024

၅. ၁၀. ၂၀၂၃
Written by Nay Moe

ကရင်ပြည်နယ် မြဝတီမြို့မှာ ဇနီးမောင်နှံနှစ်ဦး နေအိမ်အတွင်း ပစ်ခတ်သတ်ဖြတ်ခံရမှု ဒီနေ့မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဟာ အောက်တိုဘာ ၅ ရက် မနက် ၇ နာရီခွဲ အချိန်ခန့်မှာဖြစ်ခဲ့တာဖြစ်ပြီး မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပန်းခြံ (၃)လမ်းက နေအိမ်အတွင်း ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့သိရပြီး ဒီလိုပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၃၄ နှစ်အရွယ် ကိုသန်းထိုက်အောင်နဲ့ ဇနီးဖြစ်သူမနှင်းနှင်းဝေတို့ လည်ပင်း၊ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

“ဖြစ်စဥ်ဖြစ်တာက မှန်ပါတယ်။ အိမ်ထဲမှာ တခြားပစ္စည်းတွေလည်း ရှာဖွေလုယက်သွားတာ တွေ့ရတော့ အသေးစိတ်စုံစမ်းဆဲပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

မြဝတီမြို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ ခိုလှုံရာအဝင်မြို့ဖြစ်လို့ လက်နက်ကိုင်ပေါများသလို နယ်စပ်မြို့ဖြစ်ပြီး လက်နက်မှောင်ခိုအဓိကစီးဝင်တဲ့မြို့လည်းဖြစ်လို့ ဒီဖြစ်စဥ်က ဘယ်အဖွဲ့ကလုပ်တာလို့ တပ်အပ်ပြောဖို့ခဲယဥ်းသလို လက်ရှိအချိန်အထိ ဖြစ်စဥ်နဲ့ လုယက်ခံရမှုအခြေအနေကို အသေးစိတ်စိစစ်ဆဲသာဖြစ်တယ်လို့ သိရပါတယ်။

မြဝတီမြို့မှာ အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ကလည်း ကမ္ဘောဇဘဏ်မန်နေဂျာ ဦးတင်မောင်အေး (၄၃ နှစ်) နေအိမ်အပြန်မှာ ဆိုင်ကယ်နဲ့ကပ်ပါလာတဲ့နှစ်ဦးက ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားထားပြီး ဦးတင်မောင်အေးကလည်း မြဝတီမြို့ အမှတ်(၄) ရပ်ကွက်မှာနေသူဖြစ်လို့ ဒီလူသတ်မှုဖြစ်စဥ်နှစ်ခုက ကျုးလွန်သူတွေ၊ အဖွဲ့အစည်းတွေတူညီမလားဆိုတာကိုလည်း စဥ်းစားစရာရှိနေတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *