October 18, 2024

၅.၁၀.၂၀၂၃
Written By Thandar

တေးရေး တေးဆို အဆိုတော်ပိုပိုရဲ့ သဒ္ဓါပိုပို သင်္ကန်းတိုက်ဖွင့်တဲ့နေ့မှာ ဖခင်ဖြစ်သူအတွက်ရည်စူး အလှူလုပ်ဖြစ်တယ်လို့ဆိုပါတယ်။

သူမကတော့ ယနေ့ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ၁၄/၃ ရပ်ကွက် ယင်းမာလမ်းရှိနေအိမ်မှာ ဘုရားအနေကဇာတင်နဲ့ သဒ္ဓါပိုပို သင်္ကန်းတိုက်ဖွင့်ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။

“ပိုပိုရဲ့ သင်္ကန်းတိုက်ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်လေးကတော့ အလှူအတန်းတွေလည်း အမြဲလုပ်နေတော့ ကိုယ့်ရဲ့အနုပညာကြေးနဲ့ လှူဖြစ်တာ များပါတယ်။ အနုပညာကြေးထက် နောက်ပိုင်းပိုလှူချင်ရင် စီးပွားရေးလုပ်ရင် ကောင်းမလားဆိုပြီး စဉ်းစားမိတယ်။ တခြားစီးပွားရေးလည်း လုပ်ဖို့ကရှိတယ်။ အမြန်ဆုံးနဲ့ အနီးကပ်ဆုံး ဘုန်းဘုန်းကျောင်းတွေလည်း သွားဖြစ်တာများတော့ ဝိနည်းနဲ့အညီ သင်္ကန်းတိုက်ဖွင့်ဖြစ်သွားတာပါ။ ပိုပို စီးပွားရေးမလုပ်တတ်လို့ ရှုံးသွားခဲ့ရင်လည်း ဒီသင်္ကန်းတွေက ပြန်လှူလို့ရတယ်လေ” လို့ အဆိုတော်ပိုပိုက MTNews Entertainment ကို ပြောပါတယ်။

သူမရဲ့ သဒ္ဓါပိုပိုသင်္ကန်းတိုက်အတွက် ပထမအရင်းက မျှော်မှန်းထားတာ ကျပ်သိန်း ၁၅၀ ကျော် ၂၀၀ မှန်းထားပေမယ့် ခုတော့ သိန်းတစ်ထောင်လောက်ဖြစ်သွားပြီး သင်္ကန်းတွေအတွက် သိန်း ၉၀၀ ကျော်ရင်းနှီးလိုက်တာပါ။ ပြင်ဆင်မှုအပိုင်းတွေကတော့ သိပ်မကုန်လိုက်ဘဲဆိုင်ခန်းငှားဖွင့်ရင် ပိုက်ဆံကုန်မှာဆိုးလို့ အိမ်မှာပဲ သင်္ကန်းတိုက်လေးကို ဖွင့်ဖြစ်တာလို့ဆိုပါတယ်။

“ဒီနေ့က ပိုပို့အတွက် ထူးခြားတဲ့ရက်လေးပါ။ ပိုပို အဖေဆုံးတာ နှစ် ၂၀ ပြည့်တဲ့ ရက်လေးပါ။ တစ်ခါမှလည်း အဖေ့အတွက် ရည်ရွယ်လှူဖြစ်တာ သိပ်မရှိတော့ ဒီနှစ် ဒီနေ့ရွေးလုပ်မယ့် စိတ်ကူးထားတာပါ။ အဖေဆုံးတဲ့ ရက်မှာတော့ ပိုပို ထူးထူးခြားခြားလုပ်လေ့ရှိတယ်။ ချစ်ဖူးခဲ့သမျှအခွေက ၅ ရက်နေ့ ၁၀ လပိုင်းမှာ ၁၁ နှစ်ပြည့်ခဲ့ပါပြီ။အဖေရဲ့ အမှတ်တရလေးမို့ အဲဒီခွေလေး အောင်မြင်ခဲ့တယ်။ အဖေ့အတွက်ရည်စူး အမှတ်တရ အလှူလေး လုပ်တာပါ”လို့ သူမက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *