October 19, 2024

၅. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများထဲတွင် အင်တာနက်လွတ်လပ်ခွင့်မရှိသောနိုင်ငံများစာရင်း၌ ထိပ်ဆုံး ၁၀ နိုင်ငံအတွင်း ပါဝင်နေကြောင်း အမေရိကန်အခြေစိုက် Freedom House ၏ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြထားသည်။

Freedom House သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် နိုင်ငံပေါင်း ၇၀ ၏ အင်တာနက်လွတ်လပ်ခွင့်အခြေအနေများကို လေ့လာစောင့်ကြည့်ခဲ့ပြီးနောက် အမှတ်ပေးကာ အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်က အင်တာနက်လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး သတ်မှတ်ထားသော အမှတ်ပေါင်း ၁၀၀ ထဲတွင် ၁၂ မှတ်ရရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၁၀ မှတ်သာရရှိခဲ့ပြီး အင်တာနက်လွတ်လပ်ခွင့်မရှိသော နိုင်ငံများ၏ ထိပ်ဆုံးနိုင်ငံများစာရင်းတွင် ဒုတိယနေရာ၌ ရှိနေခဲ့ကြောင်း သိရသည်။ Freedom on the Net ၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ၉ မှတ်သာရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် အင်တာနက်လွတ်လပ်ခွင့်မရှိသော အဆိုးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။

Freedom House သည် နိုင်ငံများတွင် ပြည်သူများ အင်တာနက်သုံးစွဲခွင့်ကို တားဆီးခံရမှု၊ Content များ ကန့်သတ်ခံရမှု၊ အင်တာနက်သုံးစွဲသူ၏ အခွင့်အရေးချိုးဖောက်ခံရမှု စသည့်အချက်သုံးချက်၏ အခြေအနေများကို အမှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အင်တာနက်အသုံးပြုခြင်းတားဆီးခံရမှုတွင် ၂ မှတ်၊ Content များကန့်သတ်ခံရမှုတွင် ၅ မှတ်နှင့် သုံးစွဲသူအခွင့်အရေးချိုးဖောက်ခံရမှုတွင် ၃ မှတ်သာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်တွင်းတွင် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခြင်း၊သုံးစွဲမှုစရိတ် တိုးမြှင့်ခြင်း၊ အွန်လိုင်းမှတိုက်ခိုက်မှုများကို ဖမ်းဆီးအရေးယူခြင်းများရှိနေကြောင်း ဖော်ပြထားသည်။

ကမ္ဘာတဝှမ်းတွင် အင်တာနက်လွတ်လပ်ခွင့်သည် ၁၃ နှစ်ဆက်တိုက်ကျဆင်းလျက်ရှိနေကြောင်း သိရသည်။ အင်တာနက်လွတ်လပ်ခွင့် ရှိ မရှိဆိုသောအချက်ကို သတ်မှတ်ရာတွင် ၃၉ မှတ်အတွင်းသာရရှိသော နိုင်ငံများကို အင်တာနက်လွတ် လပ်ခွင့်မရှိသော နိုင်ငံများအဖြစ်သတ်မှတ်ကြောင်း သိရသည်။ ထို့အပြင် ၄၀ မှတ်နှင့် ၆၉ မှတ်ကြား ရရှိသောနိုင်ငံများကို အင်တာနက်လွတ်လပ်ခွင့် တစ်စိတ်တစ်ပိုင်းလွတ်လပ်သောနိုင်ငံများအဖြစ်သတ်မှတ်ပြီး ရမှတ် ၇၀ မှတ်မှ ၁၀၀ အတွင်းရရှိသောနိုင်ငံများကို အင်တာနက်လွတ်လပ်ခွင့်ရှိသောနိုင်ငံများအဖြစ် သတ်မှတ်ကြောင်း သိရသည်။

အင်တာနက်လွတ်လပ်ခွင့်မရှိသော နိုင်ငံများစာရင်းတွင် အီရန်၊ ဖိလစ်ပိုင်၊ ရုရှား၊ ဘီလာရုစ့်၊ နီကာရာဂွါ၊ ကော်စတာရီကာ၊ ထိုင်းနိုင်ငံတို့လည်း ပါဝင်နေကြောင်း သိရသည်။

Ref; freedomhouse

Leave a Reply

Your email address will not be published. Required fields are marked *